ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တိုင်းရုံးအား တပ် မတော်က ယနေ့ ချိတ်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
ယာယီသမ္မတ ဦးမြင့်ဆွေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နိုင်ငံတော် အာဏာ လွှဲပြောင်းပေးပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ကမ်းနားလမ်း ငွေဆောင်ကားဂိတ်အနီးရှိ NLD တိုင်းရုံးကို တပ်မတော် ယာဉ်တန်းတခု ရောက်ရှိလာပြီးနောက် ရုံးအတွင်း ရှာဖွေ သိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကာ ရုံးကို ချိတ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
NLD ပါတီ ဧရာဝတီတိုင်းရုံး၏ ရုံးအဖွဲ့မှူး ဦးကျော်ထက်အောင် က “ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေ သိမ်းသွားတယ်။ ရုံးကို ဘယ်တော့ ပြန်ဖွင့်ပေးမယ် ဆိုတာတော့ အတိအကျ မပြော သွားပါဘူး” ဟု ဧရာဝတီကို ပြောသည်။
ယနေ့ နေ့လယ်ပိုင်းတွင် NLD တိုင်းရုံးရှေ့၌ စစ်ကား၂ စီး၊ ရဲကားတစီးတို့ ရပ်တန့်ပြီး ရုံးအနီး၌ တပ်မတော်သားတချို့ လုံခြုံရေး ရယူထားသည်ကို တွေ့ရသည်။
ယာယီ သမ္မတ ဦးမြင့်ဆွေက နိုင်ငံတဝန်းလုံးအား အရေးပေါ်အခြေအနေ ကြေညာ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နိုင်ငံတော် အာဏာ လွှဲပြောင်းပေးပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် ဧရာဝတီတိုင်းအစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
လက်ရှိတွင် ပုသိမ်မြို့ရှိ ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ရုံးတို့တွင်လည်း တပ်မတော်သားများမှ လုံခြုံရေး ယူထား ကြောင်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးကို တပ်က ထိန်းသိမ်း