အရပ်သား အစိုးရ ထိပ်သီး ခေါင်းဆောင်များကို ဖမ်းဆီးပြီး တပ်မတော်က အာဏာသိမ်းသည်ကို လက်မခံဘဲ ဆန့်ကျင် သည် ဟု KNU Concerned Group က ပြောသည်။
KNU Concerned Group သည် ကရင်အမျိုးသား အစည်းအရုံး (KNU) မဟုတ်သည့် သီးခြားအဖွဲ့ တဖွဲ့ဖြစ်ကာ ကရင် အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်သည့် ပဒိုနော်စီဖိုးရာစိန်က ဦးဆောင်သည်။
ပဒိုနော်စီဖိုးရာစိန် က “ပြည်သူလူထုဆီက မဲရထားပြီး လူထုက ရွေးကောက်ထားတဲ့ အစိုးရကို စစ်အာဏာရှင်က ပြည်သူ လူထုဆန္ဒကို စော်ကားပြီး ရက်ရက်စက်စက်လုပ်တာကို ကျမတို့ လက်မခံဘူး။ ဆန့်ကျင်တယ်” ဟု ပြောသည်။
တပ်မတော်ဘက်မှ မဲမသမာမှု ၈ သန်းကျော် ရှိသည်ဟု ပြောဆိုသည်မှာ အကြောင်းပြချက်သာ ဖြစ်သည်ဟု ယူဆပြီး နိုင်ငံကို ဒီမိုကရေစီစနစ်၊ ဖက်ဒရယ် စနစ်ကို မသွားနိုင်ရန် အာဏာသိမ်းခြင်း ဖြစ်သည်ဟုလည်း ပဒို နော်စီဖိုးရာစိန်က ပြောသည်။
တပ်မတော်၏ အာဏာသိမ်းလိုက်ခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လည်း ဆုတ်ယုတ်ပြီး တိုင်းရင်းသား လူမျိုးများ လိုချင်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုလည်း အကောင်အထည်ဖော်ရန် လမ်းစ ပျောက်သွားပြီ ဟုလည်း ပဒိုနော် စီဖိုးရာစိန်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “တပ်မတော်က ပြည်သူ လူထုကို ကာကွယ်ချင်တယ်၊ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲဖို့ ဆန္ဒရှိရင် ဒါက မလုပ်သင့်ဘူး။ လက်ရှိ အာဏာရတဲ့ NLD ပါတီကိုပဲ လွှဲအပ်ပေးရမှာ။ သူတို့ အာဏာကို လာလုပြီး တနှစ်အတွင်း အာဏာ ပြန်မလွဲှပေးသရွေ့ကျမတို့က ကန့်ကွက်နေမယ်”ဟု ပြောသည်။
တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက် မနက်၂ နာရီဝန်းကျင်မှ စ၍ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အစိုး ရအဖွဲ့ဝင်များ၊ လွှတ်တော် ဥက္ကဋ္ဌများ၊၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားပြီး လွှတ်တော် တက်ရန် နေ ပြည်တော်သို့ ရောက်ရှိနေသည့် ကိုယ်စားလှယ်များ အားလုံးကို ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ NLD ပါတီရုံးများသို့လည်း တပ်မတော်၊ တပ်ဖွဲ့များက ဝင်ရောက်စီးနင်းကာ ရုံး တွင်းရှိ စာရွက်စာတမ်းများကို ရှာဖွေခြင်း၊ NLD ဥက္ကဋ္ဌများကို ဖမ်းဆီးခြင်းများ ပြုလုပ်သည့် အပြင် NLD ဗဟိုရုံးချုပ်ရှိ ဗဟို ကော်မတီဝင်များ ကိုလည်း ဖမ်းဆီးထားသည်။
ဖေဖော်ဝါရီ ၁ ရက်သည်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှ အနိုင်ရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ် တော် အစည်းအဝေး စတတ်မည့် ရက်ဖြစ်သည်။
လွှတ်တော်သည် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ခေါ်ယူကာ အစည်းအဝေးပြုလုပ်ပြီး အစိုးရသစ် တင် မြှောက်ရန်အတွက် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကော်မတီများဖွဲ့ကာ ဆောင်ရွက်မည်ဖြစ်သည်။
လွှတ်တော် အစည်းအဝေး မကျင်းပမီ နာရီပိုင်းအလိုတွင် တပ်မတော်က အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။
တပ်မတော်က အာဏာသိမ်းယူပြီးနောက် တပ်မတော်က အမည်စာရင်း ပေးခြင်းကြောင့်၂၀၁၆ ခုနှစ်မှ ယနေ့ထိ ဒုသမ္မတ (၁) တာဝန်ယူထားသည့် ဦးမြင့်ဆွေက ယာယီသမ္မတ တာဝန်ကို ယူလိုက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံ တော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြဋ္ဌာန်းရေး အာဏာများကို လွှဲပြောင်းခဲ့သည်။
ထို့ကြောင့် လက်ရှိတွင် နိုင်ငံတော်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အုပ်ချုပ် မည်ဖြစ်ကာ တပ်မတော်မှ အာဏာ လွှဲပြောင်းရယူမှုကို ၁ နှစ် တာဝန်ယူမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပြန်ကျင်းပပေးမည် ဖြစ်ကာ တပ်မတော်မှ ကျင်းပ ပေးသည့် ရွေးကောက်ပွဲမှ အနိုင်ရလာမည့် ပါတီကို နိုင်ငံတော်တာဝန် လွှဲအပ်ပေးမည် ဟု တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
တပ်မတော်က အာဏာရယူထားချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ထိခိုက်ခဲ့ သည့် စီးပွားရေး လုပ်ငန်းများကို ကုစားရေး၊ ငြိမ်းချမ်းရေးရရှိရေးတို့အတွက် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။
တပ်မတော်၏ အာဏာသိမ်းယူခြင်းနှင့် ထုတ်ပြန်ချက်များအပေါ် သဘောထားများ မေးမြန်းရန် တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပါ။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အာဏာသိမ်း လိုက် ခြင်းနှင့် ပတ်သက်၍ ၎င်းတို့ အဖွဲ့အစည်းမှ သဘောထား ထုတ်ပြန်ရန် တစုံတရာ ညွှန်ကြားထားခြင်း မရှိသေးဘဲ အခြေအ နေကို စောင့်ကြည့်နေဆဲပါဟု ပြောသည်။
တပ်မတော်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်မည်ဟု ထုတ်ပြန်ထားချက်နှင့် ပတ်သက်၍ ဗိုလ်မှူးကြီး နော်ဘူက “သူ့ရဲ့ လမ်းညွှန်ချက်တွေကို ကြည့်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံရေး ဆွေးနွေးတာကို တံခါးဖွင့်ထား ပြီးသား ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေးဆွေးနွေးတာကိုတော့ ကျနော်တို့က လက်ခံရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိအချိန်ထိ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည် ထောင်စု၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ် သည်။
ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီမှတဆင့် အများပြည်သူ ရင်ဆိုင်နေရသည့် ကပ်ရောဂါဆိုးကြီးကို ဂရုမထားဘဲ တိုင်း ပြည်ကို စစ်အာဏာရှင် စနစ်အောက်သို့ ပြန်လည်သွတ်သွင်းခြင်း၊ တပ်မတော်၏ အာဏာသိမ်းခြင်းကို ပြည်သူ လူထုက လုံးဝလက်မခံဘဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ရန် တိုက်တွန်းသည်ဟု စာတစောင်ကို အများသိရန် ထုတ်ပြန်ခဲ့သည်။
ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရေးမူ၊ လက်မှတ် တစုံတရာ ပါဝင်ခြင်းမရှိသော်လည်း NLD ၏ သဘာပတိ ဦးဝင်းထိန်က ဇန်နဝါရီ၂၉ ရက်ကတည်းက ၎င်းထံသို့ ဒေါ်အောင်ဆန်းစုကြည်က အပ်နှံထားသည့် စာဖြစ်သည်ဟု သတင်း မီဒီယာများကို အတည်ပြုပြောဆိုသည်။
You may also like these stories:
အရေးပေါ်ကာလပြီးပါက ရွေးကောက်ပွဲ ပြန်ကျင်းပ၍ အာဏာပြန်လွှဲပေးမည် ဟုဆို