နိုင်ငံတကာ အသိုင်းအဝိုင်းအနေနှင့် အာဏာသိမ်း မြန်မာစစ်တပ်အပေါ် တသံတည်း ညီညွတ်စွာ ပူးပေါင်းဖိအား ပေးသင့် ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်၏ ပြောကြားချက်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
မြန်မာစစ်တပ်ကသိမ်းယူထားသောအာဏာကိုချက်ချင်းစွန့်လွတ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားသော တက်ကြွလှုပ်ရှားသူ များနှင့်တာဝန်ရှိပုဂ္ဂိုလ်များအားလွှတ်ပေးရန်၊ ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကို ရုပ်သိမ်းပေးရန်နှင့် အရပ်သား ပြည်သူများအပေါ်အကြမ်းဖက်ခြင်းမှရှောင်ကြဉ်ရန်အတွက် ဖိအားပေးသင့်သည်ဟု ၎င်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအတွင်း စစ်တပ်၏အာဏာသိမ်းယူမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်သားတာဝန်ရှိပုဂ္ဂိုလ်များအား ဖမ်းဆီး ထိန်းသိမ်းမှုနှင့် နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာမှုတို့သည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုနှင့် ဥပဒေစိုးမိုးမှုကို တိုက်ရိုက်ကျူးလွန်တိုက်ခိုက်ခြင်းပင် ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က မှတ်ချက်ပေးသည်။
အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်ချမှတ်ထားခဲ့သောအရေးယူပိတ်ဆို့မှုများကို လွန်ခဲ့သော ဆယ်စုနှစ် အတွင်း တိုးတက်မှုများအပေါ်အခြေခံ၍ ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဏာသိမ်းသည့် လုပ်ရပ်သည် ယင်းတိုးတက်မှုများကိုနောက်ကြောင်းပြန်လှည့်စေသည့်အတွက် မိမိတို့၏ ပိတ်ဆို့ အရေးယူမှု ဥပဒေများနှင့် လုပ်ပိုင်ခွင့်များကို အမြန်ဆုံးချက်ချင်းပြန်လည်သုံးသပ်ရန်လိုအပ်လာမည်ဖြစ်ပြီး သင့်တော် သောအရေးယူမှုများကိုလည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောဆိုသည်။
ဆက်လက်၍ ၎င်းက ဒီမိုကရေစီသည် မည်သည့်နေရာ၌ ထိပါးနှောက်ယှက်ခံနေရသည် ဖြစ်စေ အမေရိကန်ပြည်ထောင် စုအနေနှင့် ဒီမိုကရေစီအတွက်ရပ်တည်သွားမည်ဟု ပြောကြားခဲ့သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို
အဓမ္မ အာဏာသိမ်းသည့် လုပ်ရပ်ကို ဆန့်ကျင်သည်ဟု KNU Concerned ပြော