မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဝန်ထမ်းများ၏ လုံခြုံရေး အခြေအနေများကို စိုး ရိမ်သည့်အတွက် အမေရိကန် ပြည်ထောင်စု အခြေစိုက် Pizza Hut နှင့် ဂျပန်ကား ကုမ္ပဏီ ဆူဇူကီးတို့၏ လုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။
လက်ရှိ အခြေအနေများကြောင့် လုံခြုံရေးအတွက် ကုမ္ပဏီဘက်က ထပ်မံ၍ ကြေညာချက် တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးသည့် အချိန်ကာလတခုအထိ မြန်မာနိုင်ငံ၌ ဖွင့်လှစ်ထားသော Pizza Hut ၏ ဆိုင်ခွဲအားလုံးကို ယာယီပိတ်ထား မည် ဖြစ်ကြောင်း ထိုကုမ္ပဏီမှ တာဝန်ရှိသူတဦး ဖြစ်သည့် ဦးကျော်ကျော်က ဧရာဝတီသို့ အတည်ပြုပြောသည်။
“အခု အခြေအနေအရ အရမ်းကြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်သွားရင် ဝန်ထမ်းတွေအတွက် မကောင်းဘူးလေ။ အဲဒါ ကြောင့် ကုမ္ပဏီရဲ့ နောက်ထပ်ကြေညာချက်တခု မထွက်လာတဲ့ အချိန်တခုအထိ ကျနော်တို့ ဆိုင်တွေကို ယာယီပိတ် ထားမှာပါ” ဟု ၎င်းက ဆိုသည်။
အမေရိကန် ပြည်ထောင်စုအခြေစိုက် Pizza Hut ကုမ္ပဏီသည် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပီဇာ ရောင်းချသည့် ဆိုင်ခွဲ ပေါင်း ၁၄ ခန့် ဖွင့်လှစ်ထားလျက် ရှိသည်။
Pizza Hut ကုမ္ပဏီ နည်းတူ ဂျပန်ကားကုမ္ပဏီ တခုဖြစ်သည့် ဆူဇူကီးကား ကုမ္ပဏီကလည်း ၎င်းတို့၏ သီလဝါ အထူးစီး ပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံထားသော စက်ရုံအပါအဝင် မော်တော်ယာဉ် ထုတ်လုပ်သော စက်ရုံ၂ ခု၏ လုပ်ငန်းဆောင် ရွက်မှုများ အားလုံးကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ဆူဇူကီး ကားကုမ္ပဏီက ယနေ့ထုတ်ပြန်ထားသည်။
ဆက်သွယ်ရေးလိုင်းများ ပုံမှန် မဖြစ်သေးခြင်းကြောင့် ဝန်ထမ်းများ၏ လုံခြုံရေးနှင့် ကားထုတ်လုပ်ရေး လုပ်ငန်းစဉ်များ သည် အင်တာနက်နှင့် အဓိက ချိတ်ဆက် လုပ်ဆောင်ရခြင်းကြောင့် အင်တာနက်လိုင်းများ မတည်ငြိမ်သေးသည့်အတွက် မော်တော်ယာဉ် ထုတ်လုပ်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း ဆူဇူကီး မြန်မာ၏ ဈေးကွက် ရှာဖွေရေးဌာနမှ တာဝန်ရှိသူ ဦးနိုင်ဝင်းထွန်းက ဧရာဝတီသို့ ပြောသည်။
“မနေ့ကဆိုရင် ဆက်သွယ်ရေးက ဘယ်လိုမှ လုပ်လို့မရတော့ ဝန်ထမ်းတွေရဲ့ Safely အတွက် ကျနော်တို့ စိတ်ပူတယ်။ နောက်တချက်က ကားထုတ်လုပ်ရေးက အင်တာနက်နဲ့ ချိတ်ဆက် လုပ်ရတာ ဖြစ်တဲ့အတွက်ပါ။ ဒါတွေအားလုံး တည် တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားရင်တော့ ကျနော်တို့ ပြန်ဖွင့်မှာပါ” ဟု သူက ရှင်းပြသည်။
အဆိုပါကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက်က စတင်ပြီး ယာ ယီ ရပ်ဆိုင်းထားခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မည့် ရက်ကို အတိအကျ မပြောနိုင်သေးဘဲ နောက်ပိုင်းမှသာ ထပ်မံထုတ်ပြန် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်တွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရခြင်းကြောင့် ပြည်တွင်းဘဏ်လုပ်ငန်းများ အပါအဝင် အင်တာနက် အခြေပြုငွေရေး ကြေးရေး လုပ်ငန်းများ အားလုံးရပ်ဆိုင်းသွားခဲ့ရသည်။
ယနေ့တွင်မူ မိုဘိုင်းလ်ဖုန်းလိုင်းတချို့နှင့် အင်တာနက်လိုင်း တချို့ ပြန်လည် ကောင်းမွန်လျက် ရှိသော်လည်း ပုံမှန် အခြေအနေကဲ့သို့ မဟုတ်သေးဘဲ အကန့်အသတ်ဖြင့် အသုံးပြုရနေလျက် ရှိသည်။
ဖေဖော်ဝါရီ ၁ ရက်၌ တပ်မတော်က ရွေးကောက်ပွဲတွင် မဲသမာမှုများကို ဖြေရှင်းရန်နှင့် လွှတ်တော် အစည်းအဝေးများ ရွှေ့ဆိုင်းရန် အစရှိသည့် တပ်မတော်၏ တောင်းဆိုချက်များကို ငြင်းပယ်ခဲ့ခြင်းကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာ ဏာကို အဓမ္မနည်းဖြင့် ရယူသည် ဟု အကြောင်းပြကာ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အားလုံးကို ထိန်းသိမ်းပြီး အာဏာသိမ်းယူခဲ့သည်။
You may also like these stories:
နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးသင့်ဟု အမေရိကန်သမ္မတ ပြော