ရွေးကောက်ပွဲအသစ် ကျင်းပခြင်း မပြုလုပ်ဘဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ အတည်ပြုပြီး သည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ ရလာဒ်ကို တပ်မတော်အား လက်ခံစေလိုသည်ဟု နိုင်ငံရေးပါတီ များက ဧရာဝတီကို ပြောသည်။
တပ်မတော်က ၎င်းတို့အာဏာသိမ်းကာ အုပ်ချုပ်နေသည့် တနှစ်တာအတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပ ပေးမည်ဟု ထုတ်ပြန်ထားသည့်အပေါ်တွင် နိုင်ငံရေးပါတီများက တုန့်ပြန်ပြောဆိုကြခြင်း ဖြစ်သည်။
တအန်းအမျိုးသားပါတီ (TNP)၊ ဥက္ကဋ္ဌ ဦးအိုက်မုန်းက “ရွေးကောက်ပွဲပြန်လုပ်မယ်ဆိုတာနဲ့ ပတ်သတ်လို့ ကတော့ အခုရရှိထားတဲ့ ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ အပေါ်မှာ သေသေချာချာ ပြန်လည် သုံးသပ်ပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ သုံးသပ်ပါဆိုတာက ၂၀၂၀ ရလာဒ်ကို လက်ခံစေချင်တယ် လို့ ပြောတာပါ” ဟု ဆိုသည်။
TNP သည် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်အတွက် ကိုယ်စားလှယ် ၅ နေရာ၊ ရှမ်းပြည်နယ်လွှတ်တော်အတွက် ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ၅ နေရာ၊ မွန်ပြည်နယ်လွှတ်တော်တွင် ၆ နေရာ အနိုင်ရထားသည့် မွန်ညီညွတ်ရေးပါတီ မှ တွဲဖက်အတွင်းရေးမှူး- ၂၊ ဦးနိုင်စံတင်ကလည်း “ဒီအာဏာသိမ်းတဲ့ ကိစ္စကို ဘယ်အထိ သူသွားမှာလဲ။ ကျနော်တို့လည်း မသိတဲ့အခါကျတော့ ဒီ ၁ နှစ် အတွင်း ရွေးကောက်ပွဲကျင်းပပြီးတော့ နိုင်တဲ့ပါတီကို အပ်မယ်ဆိုတာ စဉ်းစားစရာ တမျိုးကြီးပေါ့ဗျာ။ သိပ်မဖြစ်နိုင်ဘူးလို့ ထင်တယ်” ဟု သုံးသပ်ပြောဆိုသည်။
ပြည်ထောင်စုလွှတ်တော်တွင် ၅ နေရာ၊ ကယားပြည်နယ်လွှတ်တော်တွင် ၃ နေရာ အနိုင်ရရှိထားသည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးသဲရယ်ကလည်း ကျင်းပပြီးသည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ကို မပယ်ဖျက်ဘဲ မဲမသမာမှုရှိသည့် နေရာများကိုသာ အရေးယူခြင်းများ လုပ်ကာ ဖြေရှင်း သင့်သည်ဟု ပြောသည်။
ဦးသဲရယ်က “တတိုင်းပြည်လုံး ရွေးကောက်ပွဲပြန်လုပ်ရမယ်ဆိုရင် လူထုလည်း ပင်ပန်းတယ်။ ငွေရေးကြေး ရေးလည်း ကုန်တယ်။ ဦးစီးဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေလည်း ပင်ပန်းတယ်။ လက်ရှိရွေးကောက်ပွဲအပေါ်မှာ သုံးသပ်ပြီး မဲမသမာမှုရှိတဲ့ နေရာမျိုးဆိုရင် ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်ပြီး ဆက်လက်ပြီး အစိုးရကို ဘယ်လိုဖွဲ့ကြမယ်ဆိုတာ စဉ်းစားရင် ပိုကောင်းလိမ့်မယ်”ဟု ဆိုသည်။
တပ်မတော်က မဲမသမာမှု စွပ်စွဲချက်ဖြင့် အာဏာသိမ်းသည်ကို ရှုတ်ချကြောင်း နှင့် တိုင်းပြည်အတွက် တပ်မတော်နှင့် NLD ကြား ညှိနှိုင်းဆွေးနွေးကာ ဖြေရှင်းသင့်သည်ဟုလည်း ဦးသဲရယ်က ပြောဆိုသည်။
၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ထုတ်ပြန်ချက်တစောင် ထုတ်ထားပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို လွှတ်ပေးရန်၊ အတည်ပြုပြီးသည့် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုရန် ရေးသားထားသည်။
တပ်မတော်က အာဏာသိမ်းကာ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းသာမကဘဲ ပြည်နယ်နှင့် တိုင်း အသီးသီးရှိ မြို့နယ်များမှ NLD ပါတီ ဥက္ကဋ္ဌများ၊ တာဝန်ခံများကို ဖမ်းဆီးခြင်း၊ ပါတီရုံးတွင်း ဆိုင်းဘုတ်များ၊ အလံများ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ၊ စာရွက်စာတမ်းများကို ဖြုတ်သိမ်းယူသွားခြင်းများလည်း ပြုလုပ် ထားသည်။
ထို အခြေအနေများနှင့် ပတ်သတ်၍ NLD ၏ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအောင်ကြည်ညွှန့်က “မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်၊ သမိုင်းကြောင်းကို အမဲကွက် မစွန်းထင်းအောင် ပြည်သူလူထုအနေနဲ့ရော နိုင်ငံတော်မှာ တာဝန်ရှိတဲ့သူတွေ အနေနဲ့ရော အလေးအနက်ထားပြီးတော့ စဉ်းစားဆောင်ရွက်ရမယ့် အခြေအနေရောက်နေပြီလို့ ပြောလိုပါတယ်” ဟု ဆိုသည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး-၁ ၊ ဒေါ်နှင်းနှင်းမွှေးကလည်း ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ၏ ရလာဒ်မှာ လူထုပိုင်ဆိုင်သည့် အရာဖြစ်ပြီး လူထုပိုင်သည်ကို တပ်မတော်က မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းခြင်းမှာ မလုပ်သင့်သည့် လုပ်ရပ်ဟု ဝေဖန်ပြောဆိုသည်။
ဒေါ်နှင်းနှင်းမွှေးက “မနေ့က သူတို့ထုတ်ပြန်တာ ၂၀၀၈ ကို ကိုးကားပြီး ပြည်သူ့အာဏာက ပြည်သူ့ဆီက ဆင်းသက်တယ်ဆိုတဲ့ စကားကို သုံးတယ်။ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်က ကျမတို့ အမြင်အရ လူထုကနေ အာဏာပေးလိုက်တာ၊ အာဏာလွှဲလိုက်တာပဲ။ ဒါကို မျက်ကွယ်ပြုပြီး ချေဖျက်လိုက်တယ်ဆိုတာ လုံးဝ မသင့်တော်ဘူး”ဟု ပြောသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ၏ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးကလည်း တိုင်းပြည် အေးချမ်းရန် ခေါင်းဆောင်များကြား ညှိနှိုင်းခြင်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု အကြံပြုသည်။
ထို့ပြင် ဦးမန်းအောင်ပြည်စိုးက “တပ်က ကရင်ပြည်နယ်မှာ မဲမသမာမှု ရာနှုန်းအများဆုံးဆိုပြီးတော့ ထုတ်ပြန်ထားတဲ့ အပေါ်မှာ ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ မဲဆန္ဒရှင်တွေရော ပြည်သူပြည်သားတွေ အားလုံး နားလည်သဘောပေါက်ပြီး လက်ခံနိုင်အောင် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက ရှင်းလင်းသင့်တယ်” ဟု ပြောသည်။
တပ်မတော်က အာဏာမသိမ်းခင် ဇန်နဝါရီ ၂၉ ရက်ကလည်း မြန်မာနိုင်ငံ အခြေစိုက် သံတမန် အဖွဲ့အစည်း များက တပ်မတော်အနေဖြင့် ဒီမိုကရေစီစံနှုန်းများကို လိုက်နာစောင့်ထိန်းရန်၊ ရွေးကောက်ပွဲ ရလာဒ်ကို ပြောင်းလဲရန် သို့မဟုတ် မြန်မာ့ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေရန် မည်သည့် ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်ပါသည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။
ပြည်တွင်း၌ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်း ၁၂ ဖွဲ့ကလည်း တပ်မတော် နှင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများက ရွေးကောက်ပွဲရလာဒ်ကို လက်ခံရန် ထုတ်ပြန်ချက်တစောင် ထုတ်ကာ တိုက်တွန်းထားသည်။
တပ်မတော်က ၎င်းတို့ အာဏာသိမ်းထားစဉ် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည် ဟု ပြောသည့်အပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကိုလည်း ပြန်လည်ဖွဲ့စည်းခြင်းများ လုပ်ဆောင်မည်ဟု ကြေငြာထားသည်။
တပ်မတော်က အာဏာသိမ်းသည့် ရက်၊ ဖေဖော်ဝါရီ ၁ ရက်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေး စတင်တတ်မည့် ရက်ဖြစ်သည်။
ဖေဖော်ဝါရီ ၂ ရက်တွင် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပမည်ဖြစ်ကြောင်း သတ်မှတ်ထားပြီး ဖြစ်သည်။
ထိုသို့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပကာ သမ္မတ ရွေးချယ်ရေးကော်မတီကို ဖွဲ့စည်းခြင်း၊ သမ္မတ အမည်စာရင်း တင်သွင်းကာ သမ္မတ ရွေးချယ်ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများ ဖွဲ့စည်းခြင်းများကို ပြုလုပ်မည် ဖြစ်သည်။
ထိုမှတဆင့် ဧပြီတွင် အစိုးရသစ်ကို အာဏာလွှဲပြောင်းခြင်းများ ပြုလုပ်မည်ဖြစ်ရာ တပ်မတော်က လွှတ်တော်အစည်းအဝေးများ မစတင်ခင် အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
အမေရိကန် Pizza Hut နှင့် ဂျပန်ကားကုမ္ပဏီ ဆူဇူကီးတို့ လုပ်ငန်း ယာယီရပ်ဆိုင်း
ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များ လွှတ်ပေးရန် KNU တိုက်တွန်း
အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဖော်ပြခဲ့ကြတဲ့ အနုပညာရှင်များ