၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများအား သမာသမတ်ရှိသော သူများနှင့် ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။ သို့သော် မည်သူများနှင့် မည်သို့ ပြန်လည်စစ်ဆေးမည်ကို အသေးစိတ် မသိရှိရပါ။
“အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟု ယနေ့ကျင်းပသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစိုးရသစ် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ ပြောကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုသည်။
တပ်မတော်အနေဖြင့် မြို့နယ် ၃၁၄ မြို့နယ်မှ မဲစာရင်းမှားယွင်းမှု ၁၀ သန်းကျော်ရှိကြောင်း ထောက်ပြပြောဆိုခဲ့ပြီး မဲမသမာမှုများရှိနိုင်သည်ဟု ဆိုကာ တတိယအကြိမ် ပြည်သူ့လွှတ်တော် စတင်ကျင်းပမည့် ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့အား ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာ သိမ်းယူခဲ့သည်။
UEC ဥက္ကဌ ဦးလှသိန်းအပါအဝင် အဖွဲ့ဝင်အချို့ အား ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။
ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်ခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးထားသော ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်(၁/၂၀၂၁) တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် မဲစာရင်းများမှာ ကြီးမားစွာ ကွာခြားမှုရှိနေခြင်းအပေါ် ဖြေရှင်းဆောင်ရွက်ပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပျက်ကွက်ခဲ့ကြောင်း ဖော်ပြထားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် မဲစာရင်းမှားယွင်းမှုများကို ဖော်ထုတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှုများဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
မဲစာရင်းမှားယွင်းမှုများ ဆက်တိုက်ထုတ်ပြန်ကာ ပြည်ထောင်စုလွှတ်တော်၊ အစိုးရနှင့် UEC တို့မှ နည်းလမ်းရှာဖြေရှင်းပေးရန် ရွေးကောက်ပွဲအပြီး တပ်မတော်မှ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်သည့် လုပ်ရပ်အဖြစ် ဝေဖန်မှုများစွာရှိခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တပ်မတော်က တောင်းဆိုခဲ့သည့် မဲစာရင်းနှင့် ရွေးကောက်ပွဲ အချက်အလက်များ ကူးယူခွင့်ကို ပယ်ချခဲ့ပြီး နစ်နာသူများအနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းနိုင်ကြောင်းနှင့် ခုံအဖွဲ့အနေဖြင့်လည်း လိုအပ်ပါက မဲစာရင်းနှင့် ရွေးကောက်ပွဲအချက်အလက်များအား နှစ်ဖက်အမှုသည်များရှေ့ တွင် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။
ယင်းအပြင် မဲစာရင်းမှားယွင်းမှုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူခဲ့ကပင် ချွတ်ယွင်းအားနည်းချက်များရှိခဲ့ကြောင်း UEC ထုတ်ပြန်ထားပြီး တပ်မတော်က စွပ်စွဲနေသည့် မဲစာရင်း ၈ သန်းကျော် မှားယွင်းမှုဆိုသည်မှာ မဖြစ်နိုင်ကြောင်း ကော်မရှင်အဖွဲ့ခွဲများက ငြင်းဆိုခဲ့ကြသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)အား အပြတ်အသတ်အနိုင်ရရှိကာ ပြည်ထောင်စု အစိုးရဖွဲ့ စည်းခွင့် ရရှိထားသည်။
တပ်မတော်ကာကွယ်ရေးဦးချုပ်မှ နိုင်ငံတော်အာဏာရယူပြီး ဒုတိယမြောက်နေ့ဖြစ်သည့် ယနေ့တွင် နေပြည် တော်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေး တရပ်ကို ကျင်းပခဲ့ပြီး ရွေးကောက်ပွဲပြန်လည် ကျင်းပရေးအတွက် သန်းခေါင်စာရင်းများ မှန်ကန်မှုရှိရေး နှင့် မှတ်ပုံတင် မရရှိသေးသူများရရှိရေး သမာသမတ်ရှိစွာဆောင်ရွက် ကြရန် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
လတ်တလောတွင် ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလ ၁ နှစ်ကြေညာကာ တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်အာဏာ လွှဲအပ်ထားပြီး အရေးပေါ်ကာလပြီးဆုံးပါက ရွေးကောက်ပွဲကျင်းပကာ အနိုင်ရသည့်ပါတီအား နိုင်ငံတော်တာဝန်များ ပြန်လည်လွှဲအပ်မည်ဟု တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်လက်ခံရန် တပ်မတော်ကို နိုင်ငံရေးပါတီများတိုက်တွန်း
ပြည်ထောင်စု ဝန်ကြီး ၁၁ ဦး အသစ်ခန့်အပ်