ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်၊ ဝန်ကြီးများ အနက် တချို့ကို ယနေ့တွင် ပြန်လည် လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရ သည်။
တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက် မနက်၂ နာရီဝန်းကျင်မှ စ၍ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးကာ တိုင်းပြည်ကို အရေးပေါ်ကာလအဖြစ် ကြေညာပြီး အာဏာသိမ်းခဲ့သည်။
ရန်ကုန်တိုင်း
လက်ရှိ ကြားသိရသော သတင်းများအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တဦးကိုသာ ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားကြောင်း၊ ကျန်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ သတင်း ကိုမူ ကြားသိရခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်း အမျိုးသား လွှတ်တော် မဲဆန္ဒနယ်(၅) မှ လွှတ်တော်ကိုယ်စားလှယ် ဦး ဘမျိုးသိန်းက ဧရာဝတီကို ပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကို မနေ့ကတည်းက ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ယခု အချိန်ထိ သတင်းအစအန မရသေးကြောင်း မိသားစုဝင်တဦးက ပြောသည်။
ထို့အတူ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဖာမျိုးလည်း ပြန်လည် လွတ်လာခြင်း မရှိသေးသလို မည်သည့် သတင်းမျှလည်း မကြားသိရသေးကြောင်း ၎င်း၏ မိသားစုဝင်တဦးက ဧရာဝတီကို အတည်ပြု ပြောသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ထိန်းသိမ်းထားခြင်းမှ လွှတ်ပေး လိုက်သော်လည်း နေအိမ်တွင် အကျယ်ချုပ်အဖြစ် ဆက်လက်ထား ရှိမည်ဟု သတင်းရရှိသည်။
ဒေါက်တာ ခက်အောင် အပါအဝင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွ့ဲ ချုပ် (NLD) ၏ မြို့နယ်အသီးသီးမှ ပါတီဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ဖေဖော်ဝါရီ မနက်ပိုင်းက နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးထားသူများကို ယနေ့ နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးလိုက်သော်လည်း ဒေါက်တာ ခက်အောင်ကို နေအိမ်တွင် အကျယ်ချုပ်အဖြစ် ဆက်လက်နေထိုင်ရမည် ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောဆိုထားသည်ဟု သိရ သည်။
ဒေါက်တာ ခက်အောင်၏ မိသားစုဝင်တဦးက “ဟုတ်ပါတယ်။ ဘယ်မှ မသွားနဲ့။ အိမ်မှာပဲနေပါလို့ ပြောပါတယ်တဲ့။ ကျနော် ထင်တာ သူတို့ လုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့အချိန်မှာ ဒီတိုင်း လုပ်ဆောင်ဖို့ လိုတယ်လို့ ယူဆလို့ လုပ်ဆောင်တာ ထင် ပါတယ်” ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချူပ်က ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများအနေဖြင့် အစိုးရဝန်ကြီး အိမ်ရာများမှ ၃ ရက်အတွင်း အပြီး ထွက်ခွာပေးရမည်ဟုလည်း ပြောဆိုထားကြောင်း သိရသည်။
ဒေါက်တာ ခက်အောင်ကို မည်သည့် အချိန်ထိ နေအိမ်အကျယ်ချုပ်နှင့် ထားမည်ကို သိရှိရခြင်း မရှိဟု သိရသည်။
ယနေ့ နေ့လယ်ပိုင်းတွင် အစိုးရအဖွဲ့ဝင်ဟောင်းများကို ပြန်လွှတ်ပေးသည့် တပြိုင်နက် ကချင်ပြည်နယ်၊ မြို့နယ် အသီးသီး မှ NLD ဗဟိုကော်မတီဝင်များကိုလည်း ပြန်လွှတ်ပေးသည်ဟု သိရသည်။
ယနေ့ နေ့လယ် ၁နာရီတွင် ပြန်လွတ်မြောက်လာသည့် မိုးမောက်မြို့နယ်၊ NLD ပါတီ၏ မြို့နယ်အတွင်းရေးမှူး၊ ဦးနေဝင်း က “ကျနော်တို့ကို ဖမ်းထားစဉ် ဘာမှ စစ်ဆေးမေးမြန်းခြင်း မရှိပါဘူး။ ဒီနေ့မှာပြန်ဖို့ အမိန့်ကျလာတယ်ဆိုတော့ တပ်ရေး ဗိုလ်ကြီးတဦးက အိမ်တိုင်ရာရောက်လိုက်ပို့ပေးပါတယ်။ ကျနော်တို့ကို တပ်က ပြန်မလွှတ်ခင်မှာ မြို့နယ်ပါတီရုံးကို အရပ် ဝတ်တွေနဲ့ ဝင်ရောက်ပြီး ပါတီအလံ၊ အမေစုရဲ့ပုံတွေ ယူသွားကြတယ်။ အရပ်သားစကားနဲ့ပြောရရင် ဒါက သက်သက် အနိုင်ကျင့်တာပါ” ဟု ပြောသည်။
NLD ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သည့် ဦးခင်မောင်မြင့်ကလည်း ၎င်းကြားသည့် သတင်းအရ မြစ်ကြီး နားမြို့၊ NLD ပြည်နယ်ရုံးကိုလည်း လူမရှိချိန်တွင် တံခါးသော့များ ဖျက်ကာ ဝင်ရောက်ခြင်းခံရကြောင်း ကြားသိရသည်ဟု ပြောသည်။
ဦးခင်မောင်မြင့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)တွင် ဆန္ဒမဲအများဆုံးရကာ ရွေးကောက်ခံထားရသည့် လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သည်။
၎င်းသည်လည်း နေပြည်တော်၌ လွှတ်တော်တတ်ရန် ရောက်နေစဉ် စည်ပင်ဧည့်ရိပ်သာကို တပ်မတော်က ပိတ်ဆို့ကာ အကျယ်ချုပ် ထိန်းသိမ်းထားသည့်ထဲတွင် ပါဝင်သည်။
ဦးခင်မောင်မြင့်က “တို့လည်း ဒီမှာ ဘာမှ မသိရဘူး။ ဒီအတိုင်းပဲ နေနေတုန်းပါ”ဟု ဆိုသည်။
ရခိုင်ပြည်နယ်
ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက ဖမ်းဆီး ထိန်းသိမ်းခံရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လူမှုရေး ဝန် ကြီး ဒေါက်တာချမ်းသာ၊ လျှစ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ တို့မှာ ယနေ့ညနေ ၅ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ဂွမြို့နယ်ရှိ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဧည့်ရိပ်သာတွင် တည်းခိုနေစဉ် တပ်မတော်က ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်း ဖြစ်ကြောင်း တောင်ကုတ် NLD ပါတီဝင်များက ပြောသည်။
အဆိုပါ ဝန်ကြီးချုပ် ဦးညီပုနှင့်ဝန်ကြီး နှစ်ဦးကို တပ်မတော်က ဂွမြို့နယ် အခြေစိုက် အမှတ် (၅၆၂) တပ်ရင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ဖြစ်ကြောင်းလည်း တောင်ကုတ်မြို့နယ် NLD ပါတီဝင်များက ပြောသည်။
အလားတူ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှအား ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက ဝန်ကြီးများအိမ်ရာရုံးရှိ ၎င်းနေထိုင်ရာ အိမ်တွင် လာရောက် ခေါ်ဆောင်သွားပြီး စစ်တွေ တပ်နယ်အတွင်းရှိ ဗန္ဓုလရိပ်သာတွင် ထိန်းသိမ်းထားကာ လက်ရှိအချိန်ထိ ပြန်လည်မလွှတ်ပေးသေးကြောင်း ANP ပါတီဝင်များက ပြောသည်။
လက်ရှိ စီမံ/ ဘဏ္ဍာ ဝန်ကြီး ဦးကျော်အေးသိန်း၊ စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်၊ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးပုန် ဘွေတို့မှာ ဝန်ကြီးများ အိမ်ရာရှိ ၎င်းတို့ နေအိမ်တွင် အကျယ်ချုပ် သဘောမျိုးဖြင့် ထိန်းသိမ်းခံထားရကြောင်းလည်း သိရ သည်။
ဧရာဝတီတိုင်း
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံး ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်တာဝန်ရှိသူများက ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့အား ဝန်ကြီးများ အိမ်ရာသို့ ပြန်လည် ပို့ဆောင်၍ ၎င်းတို့နေအိမ်များ ၌ ပြန်လည်နေထိုင်စေကာ နေအိမ်အကျယ်ချုပ်ထားရှိခဲ့ပြီး ဝန်ကြီးများ အိမ်ရာအတွင်းမှ ၃ ရက်အတွင်း ဖယ်ရှားထွက်ခွာ ရန် ညွှန်ကြားထားကြောင်း သိရသည်။
ဧရာဝတီတိုင်း NLD ပါတီ တိုင်းအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးက“ဝန်ကြီးချုပ်နဲ့ ဝန်ကြီး ၄ ဦးလောက်ကို နတခ (အနောက် တောင်တိုင်းစစ်ဌာနချုပ်) ထဲမှာ ခေါ်ထားတယ်။ မနေ့က ညနေပိုင်းမှာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို အကုန်ပြန် လွှတ်လိုက် ပါတယ်။ ပြန်လွှတ်ပြီး အစိုးရအဖွဲ့ အိမ်ရာထဲမှာပဲ အကျယ်ချုပ် ထားထားတယ်”ဟု ဧရာဝတီ ကို ပြောသည်။
ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင်များအနက် ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အခြားသောဝန်ကြီးများဖြစ်သည့် ဦးဌေးဝင်း၊ ဦးတင် အောင်ဝင်း၊ ဦးဝင်းဌေး၊ ဒေါက်တာ လှမြတ်သွေး၊ ဒေါက်တာစိုးဝင်း၊ ဂါ့မိုးမြတ်မြတ်သူတို့ ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရပြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဒုညွှန်ချုပ် ဦးသန်းဆွေဝင်း တို့ မှာ ဖမ်းဆီးထိန်းသိမ်းရာတွင် မပါဝင်ဘဲ လုပ်ငန်း တာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်မှာ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၂၀ ရွေးကောက် ပွဲတွင် အနိုင်ရရှိသည့်အတွက် ဇန်နဝါရီလ၂၉ ရက်တွင် ၎င်း၏လုပ်ငန်းတာဝန်များကို တိုင်းအစိုးရ အဖွဲ့ထံလွဲှအပ်၍ ပြည် ထောင်စု လွှတ်တော်တက်ရောက်ရန် နေပြည်တော်သို့ သွားရောက်နေထိုင်ခဲ့သဖြင့် နေပြည်တော်၌ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသည်။
ထို့ပြင် ယမန်နေ့ နေ့လယ်ပိုင်း၌ ဧရာဝတီတိုင်းရှိ ဌာနဆိုင်ရာများမှ ညွှန်ကြား ရေးမှူးနှင့် ဒုညွှန်ကြားရေးမှူးအဆင့်ရှိ ဌာန အကြီးအကဲများ အားလုံးကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေက အစည်းအဝေး ခေါ်ယူခဲ့ကြောင်း သိရသည်။
အစည်းအဝေး တက်ရောက်ခဲ့သည့် ဌာနဆိုင်ရာ အကြီးအကဲတဦးက “တိုင်းမှူးက အစည်းအဝေးခေါ်တယ်။ အစည်းအဝေး မှာတော့ သူတို့ အာဏာသိမ်းရတဲ့အကြောင်းအရင်းကို ရှင်းပြတယ်။ ပြီးတော့ ဆန္ဒပြတဲ့အထဲတွေမှာ မပါဖို့ဆိုတာမျိုးလည်း ပြောသွားတယ်” ဟု ပြောသည်။
ယနေ့ ပြန်လည် လွတ်မြောက်လာသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ ပဲခူးတိုင်း ဝန်ကြီးချုပ် ဝင်းသိန်း၊ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ် တို့လည်း ပါဝင်သည်။
သို့သော် ယနေ့တွင် ဝန်ကြီးတချို့၊ အစိုးရအဖွဲ့ဝင်တချို့ ပြန်လွတ်လာခြင်း မရှိသေးပေ။
You may also like these stories:
ဖမ်းဆီးထားသည့် နိုင်ငံ့ခေါင်းဆောင်များ လွှတ်ပေးရန် KNU တိုက်တွန်း
ပုဂ္ဂိုလ်ရေး အကျိုးစီးပွားကို ဦးစားပေးပြီး အာဏာသိမ်းခြင်းဟု ဦးဝင်းထိန်ပြော