ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ်များ၌ ကာလရှည်စွာ ပိတ်ထားသည့် အင်တာနက် သုံးစွဲခွင့်ကို ဖေဖော်ဝါရီလ၂ ရက် ညနေ ၁၂ နာရီ အချိန် ဝန်းကျင်က ပြန်လည် ဖွင့်ပေးလိုက်သည်။
အင်တာနက် ပြန်လည် သုံးစွဲခွင့်ရရှိသည့် မြို့နယ်များမှာ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များ ဖြစ်သည်။
ဘူးသီးတောင်မြို့ခံ ဦးအောင်သောင်းရွှေ (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) က ယမန်နေ့ည အချိန်က 4G အင်တာနက် ပြန်လည် သုံးစွဲခွင့် ရရှိပြီ ဖြစ်ကြောင်း ပြောသည်။
၎င်းက “မနေ့က ညကတည်းက အင်တာနက်လိုင်းတွေ ပြန်ရတယ်။ အင်တာနက် ရတဲ့အပေါ်မှာတော့ ကျနော်တို့ ဘာမှ တော့ မပြောချင်ပါဘူး။ ကျေးဇူးတင်စရာလည်း မလိုပါဘူး။ ဒါက ရသင့်ရထိုက်တဲ့ ကိစ္စတခုပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အလားတူ ကျောက်တော်မြို့ခံ ကိုကျော်လှမြင့် ကလည်း ယမန်နေ့ညက အင်တာနက် ပြန်လည် ရရှိပြီ ဖြစ်သည့်အတွက် သတင်းများကို အချိန်နှင့် တပြေးညီ သိရှိခွင့် ရရှိပြီ ဖြစ်ကြောင်း ပြောသည်။
ကိုကျော်လှမြင့်က “မနေ့ကညက အင်တာနက်လိုင်းတွေ ပြန်ပွင့်လာတယ်။ သတင်းတွေလည်း အခုမှပဲ ကျနော်တို့ သိခွင့် ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်း ယမန်နေ့ညက အင်တာနက်လိုင်းများ ပြန်လည်ရရှိပြီဖြစ်ကြောင်း ပလက်ဝ မြို့ခံ ကိုဘုထန်ပိုင်က ပြောသည်။
ကိုဘုထန်ပိုင်က “မနေ့က ညကတည်းက အင်တာနက်လိုင်းတွေတော့ ပြန်ပွင့်တယ်။ ဒါပေမယ့် လိုင်းကတော့ သိပ် မကောင်းဘူး။ ကျနော့် ဖုန်းကြောင့် ဖြစ်တာလား။ ဘယ်လို ဖွင့်ပေးတာလည်း ဆိုတာတော့ မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ စစ်ရေးပဋိပက္ခကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူး သီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို ပြီးခဲ့သော၂၀၁၉ ခုနှစ်ဇွန်လ၂၁ ရက်က အစိုးရက အင်တာနက်လိုင်းများကို ပိတ်ထားခဲ့ခြင်း ဖြစ် သည်။
၂၀၂၀ မေလအတွင်း မောင်တောမြို့နယ်ကို 4G အင်တာနက်လိုင်း ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ကျန်မြို့နယ်များကို 2G အင်တာနက်လိုင်းများသာ ဖွင့်ပေးခဲ့သည့်အတွက် ရခိုင်ဒေသခံများအဖို့ လိုင်းသုံးရန် အခက်အခဲများ ကြုံတွေ့ခဲ့ရ ပြန်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို အင်တာနက် ပြန်လည်ဖွင့်ပေးရန်အတွက် ၂၀၁၉ ခ နှစ် ဇွန်လ၂၄ ရက်နှင့်၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တို့တွင် ရခိုင်ပြည်နယ် လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင် အဆို တင်ခဲ့ပြီး လွှတ်တော်ကလည်း အဆိုအပေါ် အတည်ပြုခဲ့သည်။
You may also like these stories:
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်