တပ်မတော်အစိုးရနှင့် ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က သတင်းထုတ်ပြန်သည်။
NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော PPST က လက်ရှိ ဖြစ် ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းနှင့် စပ်လျဉ်း၍ အထူးအစည်းအဝေးတရပ် ကျင်းပခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တပ်မတော်ဘက်က အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်နိုင်သမျှ ငြိမ်းချမ်းရေး ပိုမိုခိုင်မာရန် ဆွေးနွေး သွားမည်ဟု ပြောဆိုထားကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးက ဧရာဝတီသို့ ပြောသည်။
ပဒိုစောတာဒိုမှူးက “အဲဒီ ဖြစ်နိုင်သမျှ ဆိုတာလေး တခုတော့ သူတို့က ပြောထားပါတယ်။ ကျနော်တို့က NCA ပါ လမ်းကြောင်း အတိုင်း လျှောက်လှမ်းတဲ့ အဖွဲ့တွေ ဖြစ်တဲ့အားလျော်စွာ ဖြစ်နိုင်သမျှဆိုတဲ့ အခြေခံကို ဘယ်လို အဓိပ္ပာယ်ဖွင့်လဲ ဆိုတာ သိအောင်ကြိုးစားမယ်။ ဖြစ်နိုင်သမျှကနေ အတူတကွ အားလုံးသွားနိုင်တဲ့ ပုံစံဖြစ်အောင် အဖြေရှာသွားဖို့ ကျနော် တို့ ဆွေးနွေးထားပါတယ်” ဟု ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က PPST သည် လက်ရှိ အာဏာသိမ်းမှုကို သဘောမတူကြောင်း ပြော ကြားထားသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို NCA ပါ လမ်းကြောင်းအတိုင်း စစ်အစိုးရနှင့် ဆက်လက် ဆွေးနွေး သွားမည့်သဘော ရှိသည်ဟု သုံးသပ်သည်။
NCA လမ်းကြောင်းသည် အပစ်အခတ် ရပ်စဲရေးအတွက် အလုပ်ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်း စစ် ပြဿနာကိုမူ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဟုလည်း ၎င်းက ပြောသည်။
ဦးသန်းစိုးနိုင်က “ဘာဖြစ်လို့လဲဆိုတော့ သူတို့တလျှောက်လုံး တောင်းဆို တိုက်ပွဲဝင်လာတာက ဖက်ဒရယ် အခွင့် အရေးတွေ ရရှိဖို့။ တန်းတူရေးနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်။ အဲဒီ ဖက်ဒရယ် အခွင့်အရေးဆိုတာက စစ်တပ်ဆီ မှာ တောင်းလို့ရတာ မဟုတ်ဘူး။ စစ်တပ်ဆိုတာ ဒီမိုကရေစီအဖွဲ့ မဟုတ်ဘူး။ တသွေးတသံတမိန့် အဖွဲ့အစည်း” ဟု မှတ်ချက်ပြုသည်။
ယမန်နေ့က ထုတ်ပြန်သည့် PPST ၏ ကြေညာချက်တွင် လက်ရှိ နိုင်ငံရေး အကျပ်အတည်းအပေါ် မြန်မာ့တပ်မတော်မှ အာဏာ သိမ်းယူသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားသော ခေါင်းဆောင်များ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲကြောင်း ခြွင်းချက်မရှိ ကြေညာပေးရန်လည်း တောင်းဆို တိုက်တွန်းထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများ ပြုလုပ်ရန် PPST ကို NCA လက်မှတ် ထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ၂၀၁၆ ၌ စုပေါင်းဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းချိန်တွင် KNU က ဦးဆောင်ခဲ့သည်။
ထို့နောက် PPST အဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများ ဖြစ်လာခဲ့ပြီး KNU က ၂၀၁၉ မေလတွင် နှုတ်ထွက်စာတင်ခဲ့ ပြီးနောက် လက်ရှိတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က PPST ကို ဦးဆောင်နေသည်။
ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၅ နှစ်တာ ကာလအတွင်း NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော PPST နှင့် အစိုးရတို့အကြား ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ၄ ကြိမ် ကျင်းပ နိုင်ခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ်အတွက် စုစုပေါင်း အချက် ၇၁ ချက် သဘောတူညီနိုင်ခဲ့သည်။