တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်၍ အရေအတွက် ထောင်နှင့်ချီသော မြန်မာနိုင်ငံအနှံ့အပြားမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ရင်ဘတ်တွင် ဖဲကြိုးနီများတပ်ဆင်၍ အာဏာသိမ်းမှုအား လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုတွင် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အပါအဝင် ဒေသအနှံ့အပြားမှ မြို့နယ်ပေါင်း ၅၀ ကျော်ရှိ ဆေးရုံပေါင်း ၁၁၀ ကျော်မှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ ထောင်နှင့်ချီ၍ ပါဝင်ခဲ့ကြသည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ ကုတင် ၅၀၀ ဆံ့ ဆေးရုံကြီးမှ ခွဲစိတ်ဆရာဝန် တဦးက“အာဏာသိမ်းတာကို ကျနော်တို့လုံး၀ ဆန့်ကျင်ပါတယ်။ ဒါက ကျနော်တို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအပေါ် အကြမ်းဖက်တာဖြစ်တယ်။ ဒီအကြမ်းဖက်မှုကို ကျနော်တို့ လုံးဝဆန့်ကျင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဆိုင်ရာဝန်ထမ်းများက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်မှုနှင့်အတူ ဖမ်းဆီးထားသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ ပြည်သူ့ဆန္ဒနှင့် ထပ်တူကျ ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုရန်နှင့် ပြည်သူရွေးချယ်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များဖြင့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အမြန်ဆုံးပြန်စရန် စသော အချက် ၃ ချက်ကို တောင်းဆိုကြသည်။
အာဏာသိမ်း စစ်အစိုးရအနေဖြင့် ထိုတောင်းဆိုချက်များကို ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်မှုမရှိပါက ဆေးရုံ၌ အလုပ်မဆင်းခြင်း၊ အလုပ်တာဝန်များမှ အစုလိုက်အပြုံလိုက် နှုတ်ထွက်ခြင်းများဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သော ကျန်းမာရေးဝန်ထမ်းများက ကြေညာထားသည်။
လတ်တလော ကျန်းမာရေးဝန်ထမ်းများ၏ဆန္ဒဖော်ထုတ်မှုတွင် အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာဆန္ဒပြသူများရှိသလို ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းတချို့မှာလည်း ဖဲကြိုးနီများတပ်ဆင်၍ ဆေးရုံ၌အလုပ်ဆင်းနေကြ ကြောင်း သိရသည်။
ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်ဆေးရုံကြီးမှ အမည်မဖော်လိုသည့် ဆရာဝန်တဦးက “ကျနော်တို့က စစ်အာဏာရှင် အစိုးရကို အလိုမရှိဘူး။ ဆန့်ကျင်ကန့်ကွက်တယ်။ သို့သော် ဆေးရုံရောက်လာတဲ့ ပြည်သူတွေကိုတော့ ကုသပေးဖို့ လိုနေတဲ့အတွက် လုပ်ငန်းခွင်မှာ ဖဲကြိုးနီတပ်ပြီး ဆေးကုနေတယ်။ ဒီဖဲကြိုးနီကတော့ ကျနော်တို့ရင်ဘတ်ပေါ်မှာ အောင်မြင်တဲ့အထိ တပ်သွားမှာပါ”ဟု ပြောသည်။
ဒု သမ္မတ – ၁ ဦးမြင့်ဆွေက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ယာယီသမ္မတ ရာထူးရယူပြီးနောက် နိုင်ငံတဝှန်းလုံးကို အရေးပေါ်အခြေအနေ ကြေညာကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးအာဏာ ၃ ရပ်ကို လွှဲပြောင်းအပ်နှင်းခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွဲ့ဝင် ၁၆ ဦးပါဝင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ၎င်းက ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ရာထူး ခန့်အပ်မှုများ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးကောင်စီများ ခန့်အပ်ရန် ဆောင်ရွက်လျှက်ရှိသည်။
တဖက်တွင် ပြည်သူများနှင့် အစိုးရဝန်ထမ်းများက တပ်မတော်၏ အာဏာသိမ်းမှုကို မကျေနပ်သည့်အတွက် ဝန်ထမ်း ရာထူးများမှ နှုတ်ထွက်စာတင်ခြင်းများရှိနေသလို မြန်မာပြည်ဒေသအနှံ့အပြားမှ ပြည်သူများကလည်း ည ၈ နာရီ အချိန်တွင် သံပုံးတီး၍ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း ပြသဆောင်ရွက်နေကြသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို အမှုဖွင့် တရားစွဲထား
ပါတီရုံးများကို တပ်မတော်က တရားမဲ့ စီးနင်းနေကြောင်း NLD ထုတ်ပြန်
မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်း