“စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှု-၂၀၂၁” ခေါင်းစဉ်အောက်တွင် နည်လမ်း ၄ ခုဖြင့် အာဏာ သိမ်းခြင်း ဆန့်ကျင်ကြရန် ထင်ရှားသည့် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များက ဆော်သြလိုက်သည်။
၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းများဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်အချို့က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရုပ်သံမှတ်တမ်းများ တင် ခြင်း၊ စာများရေးတင်ခြင်းတို့ဖြင့် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီက “ပြည်သူတရပ်လုံး ညီညီညွတ်ညွတ်နဲ့ တုန့်ပြန်ကြရမယ့် အချိန် ကို ရောက်ပါပြီ။ ကျနော်တို့က ပြည်သူလူထုလှုပ်ရှားမှု တခုကို စတင်မှာ ဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု-၂၀၂၁ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုလှုပ်ရှားမှုတွင် ပါဝင်မည့်သူများက နည်းလမ်း ၄ ခုဖြင့် လုပ်ဆောင်ကာ တောင်းဆိုမှု ၂ ချက်ကို ပြုလုပ်ရမည်ဟု ကိုဂျင်မီ က ပြောသည်။
နည်းလမ်း ၄ ခုမှာ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း လုပ်ဆောင်နေသည့် ဝန်ထမ်းပေါင်းစုံ သပိတ်ကို ထောက်ခံ ကူညီပေးကြရန်၊ အာဏာသိမ်းသည့် အစိုးရလက်အောက်တွင် အလုပ် မလုပ်လိုသဖြင့် အစိုးရဌာနဆိုင်ရာများမှ နုတ်ထွက် လာကြသည့် ဝန်ထမ်းများကို ရပ်ကွက်၊ လမ်းနေ လူထုက ဝိုင်းကူညီစောင့်ရှောက်ရန်၊ ည ၈ နာရီတိုင်း သံပုံတီး ဆန့်ကျင် ကာ နိုင်ငံတော် အတိုင်ပင်ခံနှင့် သမ္မတ လွတ်မြောက်လာရေးအတွက် ဆုတောင်းရန်တို့ ဖြစ်သည်။
ကျန် ၁ ချက်မှာ မြို့နယ်အသီးသီး၌ ဆောင်ရွက်လာကြမည့် လွှတ်တော်ကိုယ်စားလှယ်များ ၊ ကျောင်းသားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုအားလုံးကို လူထုက ထောက်ခံအားပေးကြရန် ဟူ၍ ဖြစ်သည်။
ထို့နောက် လှုပ်ရှားမှုတွင် ပါဝင်မည့် သူများ ပြုလုပ်ရမည့် တောင်းဆိုချက် ၂ ချက်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ဖမ်းဆီးထားသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းကိုနိုင်ကလည်း “မတရားသဖြင့် စစ်အာဏာ သိမ်းတာကြီးကို လူဘယ်လောက် ထောက်ခံသလဲ။ တကယ် ဆန့်ကျင်နေတာက သန်းပေါင်း ဘယ်လောက်လဲဆိုတာ ပြကြရမယ်”ဟု ပြောသည်။
လက်ရှိတွင် အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် ကဏ္ဍအသီးသီးမှ ဝန်ထမ်းပေါင်းစုံက သပိတ်ပြု လုပ်နေပြီး နောက်ပိုင်းတွင် ကျောင်းသားသပိတ်၊ အလုပ်သမား သပိတ်၊ လယ်သမားသပိတ်များလည်း ပေါ်ပေါက်လာ မည်ဟု ကိုမင်းကိုနိုင်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “ကျနော်တို့မှာ စစ်အုပ်စုကြောင့်သာ နိုင်ငံက နိမ့်ကျတာ ကျနော်တို့ လူတွေက မညံ့ဘူးဆိုတာ ပြကြရမယ်။ နယ်ပယ်ပေါင်းစုံမှာ ခေါင်းဆောင်မှု ခေါင်းဆောင်ကိုယ်စီနဲ့ ပြကြမှာပဲ။ သမိုင်းအချိုးအကွေ့မှာ ကြိုက်တဲ့ ဘက်ကို ရွေးပါ။ ကြိုက်တဲ့ ဘက်ကို ဝင်ပါကြပါ ။ မှတ်တမ်းဝင်ပါလိမ့်မယ်” ဟုလည်း ပြောဆိုသည်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်၊ မနက် ၂ နာရီဝန်းကျင်မှ စ၍ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးနှင့် လူမှုရေးတက်ကြွလှုပ်ရှားရာ၌ ဦးဆောင်သူ များကို ဖမ်းဆီးကာ အာဏာသိမ်းယူ လိုက်သည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အနေဖြင့် မြို့နယ်ပေါင်း ၅၀ ကျော်ရှိ ဆေးရုံပေါင်း ၁၁၀ ကျော်မှ ဆရာဝန်များ၊ သူနာပြုများက တပ်မတော်အုပ်ချုပ်သည့် အစိုးရယန္တရားတွင် မပါဝင်လိုဟူ ဆန္ဒပြကာ အလုပ်မဆင်းတော့ကြောင်း သပိတ်မှောက်နေကြသည်။
ထိုသပိတ်တွင် အခြားကဏ္ဍအသီးသီးမှ ဝန်ထမ်းများလည်း ပူးပေါင်းလာကြပြီး အချို့ကလည်း နုတ်ထွက်စာများ တင်နေကြ သလို အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ ရာထူးကနေ နုတ်ထွက်ပြီး အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်သည်။
ဖေဖော်ဝါရီ ၂ ရက်မှစ၍ ရန်ကုန်၊ မန္တလေး မြို့ကြီးများ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ မြို့အချို့တွင် လူအများက ည ၈ နာရီ အတိ စတင်ကာ သံပုံးတီးကာ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း ပြသခြင်း၊ နိုင်ငံတော် အတိုင်ပင်ခံနှင့် သမ္မတကို လွှတ်ပေးရန် ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။
ဖေဖော်ဝါရီ ၃ ရက်တွင် ဆူညံမှု ပြုလုပ်သူများကို သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားနိုင်ကြောင်းနှင့် ရဲစခန်းသို့ တိုင် တန်းရမည့် တိုင်စာပုံစံမှာလည်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက် ရှိသည်။
ဧရာဝတီမှ ရန်ကုန်မြို့တွင်း တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက ထိုတိုင်စာနှင့် ပတ်သက်၍ တစုံတရာ မှတ်ချက်ပြုခြင်း၊ အတည်ပြုခြင်း ပြုလုပ်မည် မဟုတ်ဟု ပြောသည်။
သို့သော် ၎င်းက “ပတ်ဝန်းကျင်မှာ ထိတ်လန့်အောင် လူအုပ်စုတခုက ဆူညံမှု လုပ်တယ်ဆိုရင်တော့ မခံနိုင်တဲ့သူက တိုင်ရင်တော့ တိုင်တန်းတာ လုပ်လို့ ရတာပေါ့။ အများပြည်သူနေထိုင်တဲ့ ရပ်ကွက်၊ မြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ ဆူပူ နေတာကတော့ မခံနိုင်ရင် မခံနိုင်တဲ့ သူက တိုင်နိုင်တာ ရှိပါတယ်”ဟု ပြောသည်။
တပ်မတော်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုုပ်ရေးကောင်စီကို ဖွဲ့စည်းကာ ကောင်စီ၏ ဥက္ကဋ္ဌမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်သည်။
လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ကြေငြာထားပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး ကဏ္ဍ ၃ ခုလုံးကို တာဝန်ယူထားသည်။
You may also like these stories:
ကျန်းမာရေးဝန်ထမ်း ထောင်နှင့်ချီ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို အမှုဖွင့် တရားစွဲထား
ပါတီရုံးများကို တပ်မတော်က တရားမဲ့ စီးနင်းနေကြောင်း NLD ထုတ်ပြန်