တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို တပ်မတော် ကြည်း၊ ရေး၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာသိမ်း တပ်မတော် အစိုးရထံတွင် ကာကွယ်ရေးဝန်ကြီး တာဝန် ထမ်းဆောင်သွားပြီ ဖြစ်သဖြင့် ၎င်း၏ နေရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို အစားထိုးလိုက်ခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ် မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ် တိုင်းမှူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ဗိုလ်မှူးကြီးတာဝန်ယူစဉ်က စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(၆) စကခ – ၆၊ နေ ပြည်တော်၊ ပျဉ်းမနား၏ ဌာနချုပ်မှူး ဖြစ်ခဲ့သည်။
ထို့ပြင် တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး၊ အနောက်မြောက်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မိုးမျိုးအောင်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် တေဇာကျော်တို့မှာလည်း ဒုတိယ ဗိုလ်ချုပ်ကြီးများအဖြစ် ရာထူးတိုးသွားပြီ ဖြစ်ကြောင်း သိရသည်။
ယင်းတိုင်းမှူးနေရာများသို့ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ တပ်မတော် စစ်ဦးစီး တက္ကသိုလ် ကျောင်း အုပ်ကြီးများ ရောက်ရှိကြောင်း သိရသည်။
ထို့အတူ စစ်ဦးစီး အရာရှိချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်မှာ ကာကွယ်ရေး ဦးစီးချုပ် (ရေ) အဖြစ် ရာထူးတိုးမြင့် သွားပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှာ အာဏာသိမ်း တပ်မတော် အစိုးရလက်ထက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ရာ ယင်းနေရာသို့ ဒုတိယ ဗိုလ် ချုပ်ကြီး မိုးအောင် ရောက်ရှိလာခြင်း ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး မိုးအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၈ မှ ဖြစ်ပြီး ကွယ်လွန်သွားခဲ့သည့် စက်မှု ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားအကြီးဆုံးလည်း ဖြစ်သည်။
သူသည် ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၊ စစ်ရေယာဉ်များ၊ ရေတပ်စခန်းများ၊ ဗျူဟာ စစ်ရေးယဉ်များ၊ ဌာနချုပ်များတွင် တာဝန်အဆင့်ဆင့် ထမ်းဆောင်ပြီးနောက် စစ်ဦးစီး အရာရှိချုပ်(ရေ) တာဝန်ကို ထမ်းဆောင်နေသူတဦးလည်း ဖြစ် သည်။
အာဏာသိမ်း တပ်မတော် အစိုးရသည် လက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို ရဲချုပ် ရာထူးမှ ချက်ချင်းအနားပေးခဲ့ပြီး ယင်းနေရာသို့ ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်ကို ပူးတွဲ တာဝန်ယူစေခဲ့သည်။
နိုင်ငံတော် အာဏာကို တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်ထိန်းချုပ်လိုက်ပြီးနောက် တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော် အမြင့်ဆုံး အာဏာပိုင် အဖွဲ့ အစည်း ဖြစ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ တာဝန် ရယူခဲ့သည်။
ထို့နောက် တပ်မတော်ရှိ မျိုးဆက်သစ် အရာရှိများကို အပေါ်ပိုင်း ရာထူးများသို့ အဆင့်ဆင့် တိုးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်
နိုင်ငံတကာက မြန်မာစစ်တပ်ကို ဖိအားပေးသင့်ဟု အမေရိကန်သမ္မတ ပြော
တပ်မတော်က ဖွင့်သည်ဆိုသော်လည်း ဘဏ်များ ယာယီပိတ်ထား