တပ်မတော်၏ အာဏာသိမ်းမှုအပေါ် လက်မခံဘဲ ကန့်ကွက်သည့်အပြင် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ထား သည့်အစိုးရ ပြန်လည်ပြီး တာဝန်ယူနိုင်ရေးအတွက်ကိုလည်း အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရွေးကောက်ခံ ကိုယ်စားလှယ်များက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ တပ်မတော်က အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းယူခဲ့မှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီသလို ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်းသာ ဖြစ်ကြောင်းလည်း NLD ကိုယ်စားလှယ်များက ပြောဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “ဒါ ဥပဒေနဲ့ ညီညွတ်မှု မရှိတဲ့အတွက်ကြောင့် လုံးဝ လက် မခံနိုင်ဘူး။ ဒါကို ကန့်ကွက်တယ်။ ဒါကတော့ ရွေးကောက်ခံ ကိုယ်စားလှယ်တဦး အနေနဲ့ မဟုတ်ဘူး။ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးရဲ့ သဘောပဲ” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲ ရလဒ်သည် အတည်ဖြစ်ပြီးသည့်အပြင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ခံ ကိုယ်စားလှယ်များအား သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာများ ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ အာဏာသိမ်းမှုကို ကန့်ကွက်သည့်အတွက် ၎င်းတို့ ဆက်လက် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအပေါ်၌လည်း ထပ်ပြောစရာပင် မလိုတော့ကြောင်း ၎င်းက ဆိုသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် အာဏာသိမ်းခဲ့ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက် ခြင်း ဖြစ်သည့်အပြင် အချုပ်အခြာအာဏာ မူလပိုင်ရှင် ဖြစ်သည့် နိုင်ငံသားများ၏ အချုပ်အခြာအာဏာအား မျက်ကွယ် ပြုခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ် ပြန် ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲ အတည်ပြု ရလဒ်အား အသိအမှတ်ပြုရေး၊ အခြေခံဥပဒေနှင့်အညီ လွှတ်တော်ခေါ်ယူရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ပြည်သူတို့၏ နှလုံးစိတ်ဝမ်း အေးချမ်းရေးတို့ အပါအဝင် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားရေးတို့အတွက် အလေးအနက် တောင်းဆိုသည်ဟုလည်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကလည်း ၎င်းတို့အား မဲပေးထားသည့် ပြည်သူ့ဆန္ဒအတိုင်း ဖြစ်စေရန် ပြန် ပြီး ကြိုးစားပေးမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်က လမ်းပေါ်ထွက်ခြင်းကို လုံးဝ လက်မခံသည့်အတွက် ပြည်သူများ အနေ ဖြင့် အချိန်ခဏ သည်းခံပေးရန်နှင့် လိုအပ်သည့်အခါ ပြောမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ပြည်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ် (၂) ကိုယ်စားလှယ် ဦးကျော်ဇေယျကလည်း ဒီမိုကရေစီနည်းအရ ပြည်သူလူထုက လုပ်ပိုင်ခွင့် (Mandate) ပေးထားသည့်အစိုးရ ဖြစ်သောကြောင့် ယခုလုပ်ရပ်များသည် တရားဝင် လုပ်ရပ်များ မဟုတ် ကြောင်း၊ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးပြီး ထုတ်ပြန်သည့် ညွှန်ကြားချက်များ မဟုတ်သည့်အတွက် လက်မခံ ကြောင်း ပြောဆိုသည်။
ဦးကျော်ဇေယျက “လက်မခံတဲ့အတွက် ကျနော်တို့ အနေနဲ့ ပြန်လည်ပြီးတော့ ပြည်သူ့အားနဲ့ တုံ့ပြန်သွားဖို့ စီစဉ်ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
ဆက်လက်၍ ၎င်းက “ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်တယ်။ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတာ ဒါ ပုန်ကန် တာ။ နိုင်ငံတော် ပုန်ကန်မှုပဲ ဖြစ်တယ်။ အခု သူတို့ကြေညာချက်တွေကလည်း တရားဝင်တယ်လို့ ကျနော်တို့ လက်မခံဘူး။ ဒါ ပြည်သူ့ရဲ့ဆန္ဒကို ဆန့်ကျင်တာ ဖြစ်တယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ ပုန်ကန်တာ ဖြစ်တယ်။ ဒီလိုပဲ မှတ်ယူပါတယ်။ အဲဒီအတွက်ကို ကျနော်တို့က ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ပြန်လည်ပြီး တာဝန်ယူနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ဖြည့်စွက် ပြောဆိုသည်။
လတ်တလောတွင် ပြည်သူအများစုက အာဏာသိမ်းခြင်းကို လက်မခံသည့်အတွက် မိမိနေအိမ်၌ပင် ဖယောင်းတိုင်ထွန်း ခြင်း၊ သံပုံးတီးခြင်း၊ သီချင်းဆိုခြင်း စသည့် လှုပ်ရှားမှုများ လုပ်ဆောင်လျက်ရှိကြသည်။
ထို့ပြင် ထင်ရှားသည့် ၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်းများနှင့် NLD လွှတ်တော် ကိုယ်စားလှယ်များကလည်း
“စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှု-၂၀၂၁” ခေါင်းစဉ်အောက်တွင် နည်လမ်း ၄ ခုဖြင့် အာဏာ သိမ်းခြင်း ဆန့်ကျင်ကြရန် လူမှုကွန်ရက်စာမျက်နှာတွင် တင်ပြရေးသားထားမှုများ ရှိလာသည်။
ယင်းနည်းလမ်းများမှာ အာဏာသိမ်းခြင်းကို ဆန့်ကျင်ကြောင်း လုပ်ဆောင်နေသည့် ဝန်ထမ်းပေါင်းစုံ သပိတ်ကို ထောက်ခံ ကူညီပေးကြရန်၊ အာဏာသိမ်းသည့် အစိုးရလက်အောက်တွင် အလုပ် မလုပ်လိုသဖြင့် အစိုးရဌာနဆိုင်ရာများမှ နုတ်ထွက် လာကြသည့် ဝန်ထမ်းများကို ရပ်ကွက်၊ လမ်းနေ လူထုက ဝိုင်းကူညီစောင့်ရှောက်ရန်၊ ည ၈ နာရီတိုင်း သံပုံတီး ဆန့်ကျင် ကာ နိုင်ငံတော် အတိုင်ပင်ခံနှင့် သမ္မတ လွတ်မြောက်လာရေးအတွက် ဆုတောင်းရန်၊ မြို့နယ်အသီးသီး၌ ဆောင်ရွက်လာ ကြမည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုအားလုံးကို လူထု က ထောက်ခံအားပေးကြရန် ဟူ၍ ဖြစ်သည်။
မဲစာရင်း ပြဿနာများကို ဖြေရှင်းရန် ငြင်းပယ်ခြင်း၊ အရေးယူဆောင်ရွက်မှုပြုခြင်း မရှိဘဲ လွှတ်တော်အသီးသီးအား ခေါ်ယူ ရန် ဆောင်ရွက်ခြင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ ပါ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ဆောင် ရွက်ခြင်းဖြစ်ပြီး နိုင်ငံအတွင်း မတည်ငြိမ်မှုများ၊ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲမျာ ဖြစ်ပေါ်လာမည်စိုး၍ အခြေ ခံ ဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေ လက် မှတ်ဖြင့် နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နောက် မဲစာရင်းများ စစ်ဆးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြလုပ်နိုင်ရန်ဟု ဆိုကာ အခြေခံဥပဒေ ပုဒ်မ ၄၁၈ အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်တာဝန်ပေးလိုက်သည်ဟု ဆိုသည်။
တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ် ရပ်အား ယာယီသမ္မတမှ လွှဲပြောင်းတာဝန်ပေးအပ်ထားသည့် နေ့မှစ၍ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဆောင်ရွက်ရာ ၌လည်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ယင်းဥပဒေကို ကျော်လွန်ခြင်း မရှိသော တည်ဆဲဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဖေဖော်ဝါရီ ၁ ရက်တွင် ပြုလုပ်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ပြောဆိုထားသည်။
You may also like these stories:
အာဏာသိမ်းအစိုးရနှင့် အလုပ်သမားကိစ္စများ ညှိနှိုင်းမှုပြုလုပ်မည် မဟုတ်ဟု CTUM ကြေညာ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို အမှုဖွင့် တရားစွဲထား
အာဏာသိမ်းခြင်းကို အကြမ်းမဖက် ဆန့်ကျင်ရန် ၈၈ ကျောင်းသားခေါင်းဆောင်များ ဆော်သြ