နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် ရခိုင်အမျိုးသားပါတီမှ ခေါင်ဆောင်တဦး ဖြစ်သူ ဒေါ်အေးနုစိန်ကို ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းက ခန့်အပ်လိုက်ကြောင်း ထုတ်ပြန် ကြေညာလိုက်သည်။
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ဒေါ်အေးနုစိန်အပါအဝင် ၅ ဦးအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များအဖြစ် ဖြည့်စွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်း ဒွေးက လက်မှတ်ထိုးကာ ထုတ်ပြန်ထားသည်။
အဆိုပါ ဖြည့်စွက်ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၅ ဦးမှာ ဒေါ်အေးနုစိန်၊ Jeng Phang နော်တင်၊ ဦးမောင်ဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ် တို့ ဖြစ်သည်။
ရခိုင်အမျိုးသားပါတီမှ နိုင်ငံရေး မူဝါဒရေးရာ ကော်မတီအဖွဲ့ဝင် ဦးဦးလှစောကတော့ ဒေါ်အေးနုစိန်အား ထိုကဲ့သို့ နိုင်ငံတော်ကောင်စီအဖွဲ့ဝင် အဖြစ် တာဝန်ပေးခြင်းအပေါ် ကြိုဆိုလက်ခံကြောင်း ပြောသည်။
ဦးဦးလှစောက “ဒေါ်အေးနုစိန်ကို အခုလိုမျိုး နိုင်ငံတော် ကောင်စီ အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းအပေါ် ကျနော့် အနေနဲ့တော့ လက်ခံတယ်။ ကြိုဆိုပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်အေးနုစိန်သည် ရခိုင်အမျိုးသားပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သူလို ပါတီနိုင်ငံရေး မူဝါဒရေးရာ ကော်မတီအဖွဲ့ဝင် တဦးလည်း ဖြစ်သည်။
ထိုသို့ ခန့်အပ်ခြင်းခံရခြင်းပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ဒေါ်အေးနုစိန်၏ သဘောထားအား သိရှိနိုင်ရန် ဧရာဝတီမှ ဖုန်း ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
ဦးဦးလှစောကတော့ ထိုသို့ နိုင်ငံတော်အဆင့် ကောင်စီဝင်အဖြစ် ဒေါ်အေးနုစိန်အား ခန့်အပ်မှုအပေါ် ပြည်သူများ ဝေဖန်မှုများနှင့် ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိကြောင်း ပြောဆိုသည်။
တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံတော် စီမံခန့်ခွဲရေး ကောင်စီအစိုးရအဖြစ် ပြန်လည် ဖွဲ့စည်းသည့် အစိုးရအဖွဲ့ဝင် ထိုကဲ့သို့ ANP ခေါင်းဆောင်တဦး ပါဝင် တာဝန်ထမ်းဆောင်မည့်အပေါ် ရခိုင်အသိုင်းအဝန်းကြားတွင် ဝေဖန်မှုများမြင့် တက်လျက် ရှိသည်။
ရသေ့တောင်မြို့နယ် မယူကမ်းဒေသဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးမောင်စောဝင်းက “သူ (ဒေါ်အေးနုစိန်)က ကောင်စီမှာ တာဝန်ထမ်းဆောင်လို့ ရခိုင်အမျိုးသား အကျိုးစီးပွားအတွက် အမှန်တကယ် လုပ်နိုင်မယ်ဆိုရင် ကောင်းတာပေါ့။ ကောင်စီက ဘာတွေကို လုပ်မလဲဆိုတာ မသိရသေးတော့ အခုအချိန်မှာတော့ ဝေဖန်ဖို့ကလည်း စောနေသေးတယ်။ အဲဒီ တော့ အမှန်တကယ် အလုပ် လုပ်နိုင်မလုပ်နိုင် ဆိုတာကို ကျနော်တို့က သတိနဲ့ စောင့်ကြည့်နေတယ်လို့ပဲ ပြောချင်ပါ တယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်က စတင်ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ဥက္ကဋ္ဌအဖြစ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဖဒိုမန်းငြိမ်းမောင် ၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ အတွင်းရေးမှူးအဖြစ် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး အဖြစ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ပါဝင်သည်။
You may also like these stories:
ပြည်သူတင်သည့် အစိုးရ ပြန်လာနိုင်ရေး ကြိုးစားသွားမည်ဟု NLD အမတ်များပြော
ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ယနေ့ထိ ပြန်မလွတ်သေး
တိုင်းရင်းသားပါတီများ၏ ရပ်တည်ချက်နှင့် အနာဂတ်