သတင်း

၄ ရက် ထိန်းသိမ်းခံရသည့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပြန်လွတ်လာ

ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းကတည်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှမှာ ယနေ့ ၅ ရက်မြောက် ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီကျော်တွင် ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ(ANP) ၏ ဗဟို မူဝါဒရေးရာ ကော်မတီဝင်လည်းဖြစ် ရခိုင်လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစံကျော် လှအား အာဏာသိမ်းခဲ့ရသည့်နေ့က သူနေထိုင်ရာ စစ်တွေမြို့ရှိ ဝန်ကြီးများ အိမ်ရာရုံးရှိ အိမ်တွင် တပ်မတော်သားများက လာရောက် ခေါ်ဆောင်သွားဖြစ်ကြောင်းပြီး ယနေ့နံနက်ပိုင်းက လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဧရာဝတီသို့ ပြော သည်။

ဦးစံကျော်လှက “အခု ကျနော် နေအိမ်ကို ရောက်နေပါပြီ။ ကျနော့်ကို သူတို့က လွတ်လပ်လွတ်လပ်နဲ့ လွှတ်ပေးလိုက်တာ ဖြစ်တယ်။ ထိန်းသိမ်းထားစဉ်မှာလည်း သူတို့က မေးမြန်းတာ စစ်ဆေးတာတွေ ဘာမှ မရှိခဲ့ဘူး။ အရာရှိရိပ်သာမှာ ထား တယ်။ အေးဆေးပါပဲ။ အကြောင်းပြချက်ဘာမှ မပေးဘဲ ထိန်းသိမ်းစရာ ရှိတယ်ဆိုပြီးခေါ်သွားတဲ့ သဘောပါ ” ဟု ပြော သည်။

ဦးစံကျော်လှကို တပ်မတော်က စစ်တွေမြို့ တပ်နယ်အတွင်းရှိ ဗန္ဓုလရိပ်သာတွင် ထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တပ်မတော်ကားဖြင့် နေအိမ်သို့ ပြန်လည် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်က တပ်မတော်က တနိုင်ငံလုံး အတိုင်းအတာဖြင့် အာဏာသိမ်းခဲ့ပြီးသည့်နောက်ပိုင်း စစ်တွေမြို့ နယ်၊ ပြည်နယ်အစိုးရရုံးကို တပ်မတော်က ဝင်ရောက် နေရာယူထားပြီး ခရိုင်အုပ်ချုပ်၊ မြို့နယ် အုပ်ချုပ်ရေးရုံးများကိုလည်း ပိတ်ထားခဲ့သည်။

You may also like these stories:

ရခိုင်လွှတ်တော် ဥက္ကဋ္ဌ ယနေ့ထိ ပြန်မလွတ်သေး

Loading