တပ်မတော် အာဏာသိမ်းမှုကို လုံးဝ သဘောမတူသော်လည်း ၎င်း၏ လုပ်နိုင်စွမ်းထက်ပိုသည့် အခြေအနေဖြစ်ကြောင်း MMA ချန်ပီယံ ကစားသမား အောင်လအင်ဆန်က ၎င်းအပေါ် ဝေဖန်မှုများထွက်ပေါ်ပြီးနောက် လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်က မြန်မာနိုင်ငံမှာ တပ်မတော်(စစ်တပ်)က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့ လုံးဝ သဘောမတူပါဘူး” ဟု ၎င်းက ရေးသားခဲ့သည်။
ထို့ပြင် “ဒီအခြေအနေ အဖြစ်အပျက်တွေက ကျနော် တတ်နိုင်တဲ့၊ ကျနော်လုပ်နိုင်စွမ်းထက် အများကြီးပိုတဲ့ အခြေအနေပါ။ ကျနော်က ကိုယ်ခံပညာ ပေါင်းစုံအားကစားသမားတဦးပဲ ဖြစ်ပြီးတော့၊ နိုင်ငံရေးသမား တယောက်လည်း မဟုတ်ပါဘူး” ဟု အောင်လအန်ဆန်က ရေးသားခဲ့သည်။
တပ်မတော်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အစိုးရဝန်ထမ်းများ၊ နာမည်ကျော် အနုပညာရှင်များအပါအဝင် နယ်ပယ် အသီးသီးမှ ထင်ရှားသူများက ဆန့်ကျင်ကြောင်း ဖော်ပြနေသော်လည်း မြန်မာနိုင်ငံသား အများအပြား၏ အားပေးမှုရရှိ ထားသည့် အောင်လအင်ဆန်၏ နှုတ်ဆိတ်နေမှုအပေါ် ပြည်သူလူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
အာဏာသိမ်းယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ချီးမြှင့်ထားသည့် ငွေကျပ်သိန်း ၁၀၀ နှင့် ဂုဏ်ပြုဆုများကို ယမန်နှစ်က လက်ခံထားခြင်းနှင့် ပတ်သက်ပြီးလည်း လူထုက ဝေဖန်ပြောဆိုထားကြသည်။
သို့သော် အောင်လအင်ဆန်က သဘောထားခံယူချက်မှာ မြန်မာနိုင်ငံသားများနှင့် ထပ်တူညီပြီး ခံစားချက်ကို ဖော်ပြရန် တွေဝေနေခြင်း မဟုတ်ဘဲ အခက်အခဲရှိနေခြင်းကို နားလည်ပေးရန် မေတ္တာရပ်ခံထားသည်။
“ကျနော်ရဲ့သဘောထားခံယူချက်က မြန်မာနိုင်ငံသားအားလုံးနဲ့ အတူတူပဲဆိုတဲ့ ကျနော် ခံစားချက်ကို ဖော်ပြဖို့အတွက် ကျနော်အနေနဲ့ ဒွိဟဖြစ်ပြီး တွေဝေနေခဲ့တာ လုံးဝမဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်မှာလည်း ကျနော့်အခက်အခဲနဲ့ ကျနော် ရှိတယ်ဆိုတာကို နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ၎င်းက ရေးသားထားသည်။
“အားလုံးက စိတ်ပျက်လက်ပျက်ဖြစ်နေပြီး စိတ်ထွက်ပေါက်ပေးဖို့အတွက် လိုအပ်တယ်ဆိုရင်တော့ အားလုံးအတွက် ကျနော် အမြဲရှိနေပါတယ်” ဟုလည်း ရေးသားထားသည်။
တွစ်တာတွင် ကမ္ဘာကျာ် အဆိုတော် ရီဟာနားက မြန်မာပြည်သူများအတွက် ဆုတောင်းစကားနှင့် နှိုင်းယှဉ်ပြီး အောင်လအင်ဆန် အပေါ် ပြည်သူအချို့ ဝေဖန်မှုနှင့် ပတ်သက်ပြီး အောင်လအင်ဆန်က တုံ့ပြန်ထားသည့် မှတ်ချက် တစောင်လည်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ ၏
အဆိုပါ မှတ်ချက်တွင် အောင်လအန်ဆန်က “ရီဟားနားက ပြောရုံပဲ ပြောတာ။ သူက မြန်မာနိုင်ငံလာပြီး ပိုကောင်းတဲ့ နေရာတခု ဖြစ်အောင်လုပ်ဖို့ ကြိုးစားမှာလည်း မဟုတ်ဘူး။ မြန်မာဟာ နိုင်ငံတခုဖြစ်နေသမျှတော့ စစ်တပ်ဆိုတာ ရှိမှာပဲ” စသဖြင့် ရေးသားထားသည်။
ဆက်လက်ပြီး “မင်းသာ ငါနဲ့ငါ့မိသားစုကို သိမယ်ဆိုရင် ငါတို့က ကျင့်ဝတ်နဲ့အညီ စောင့်ထိန်းတဲ့ ခရစ်ယာန် ဘာသာဝင် တွေပါ။ မင်းတို့ စစ်တပ်နဲ့ ပတ်သက်ပြီး ခံစားရတာတွေ ငါ အခါတရာမက ခံစားပြီးပါပြီ။ ကျေးဇူးပြုပြီး နားလည်ထားရမှာက ဒါတွေကို ငါသာ ပျောက်ကွယ်သွားအောင် လုပ်ပေးနိုင်ရန် ငါ တကယ် လုပ်ပေးမယ်” ဟုလည်း ရေးသားထားသည်။
အောင်လအန်ဆန်ထိုသို့ ရေးသားထားမှုအပေါ် ပြည်တွင်းရှိ အဆိုတော်အချို့နှင့် တေးရေးဆရာတချို့ကလည်း ဝေဖန် ရှုတ်ချခဲ့ကြကြောင်း တွေ့ရသည်။
ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းတွင် တပ်မတော်က အာဏာ လွှဲပြောင်းယူလိုက်ကြောင်း ၎င်းတို့ပိုင် မြဝတီရုပ်သံသတင်း တွင် ကြေညာပြီးနောက် လက်ရှိ အချိန်အထိ NLD အစိုးရအဖွဲ့ ခေါင်းဆောင်များကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
You may also like these stories:
ဖမ်းထားသူများ လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း တောင်းဆို