မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာသိမ်းထားမှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စီစဉ်ခဲ့သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗီတိုအာဏာ သုံးပြီး ကန့်ကွက်ခဲ့သဖြင့် အထမမြောက်ခဲ့ ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
အဆိုပါ သတင်းများထွက်လာပြီးနောက် မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများက တရုတ်နှင့် ရုရှားနိုင် ငံကို ဆန့်ကျင်ရှုတ်ချကြောင်း Facebook နှင့် Twitter လူမှုကွန်ရက် စာမျက်နှာများတွင် စာရေးသား ဆန္ဒထုတ်ဖော်မှုများ အရှိန်မြင့်တက်လာနေသည်။
တရုတ်နှင့် ရုရှားနိုင်ငံတို့သည် မြန်မာပြည်ကို ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ စိတ်ဝင်စားပြီး တပ်မတော်၏ မတရားအာ ဏာသိမ်းမှုအား ထောက်ခံပေးနေကြောင်း ၊ လုံခြုံရေးကောင်စီတွင် ခိုင်မာသည့် အကြောင်းပြချက်မပေးနိုင်ဘဲ ဗီတိုအာဏာသုံးကာ ပယ်ချခဲ့ကြောင်း လူမှုကွန်ရက်တွင် ရေးသားနေကြသည်။
ထိုသို့ ရေးသားကြသည့် အထဲတွင် ကျူရှင်ဆရာ၊ သင်္ဘောသား၊ လွှတ်တော်အမတ်များနှင့် နိုင်ငံရေးသမားများ၊ ပြည်ပ ရောက် မြန်မာများ ပါဝင်နေသည်။
တရုတ်နှင့် ရုရှားသည် ၎င်းတို့ အလွယ်တကူ လာဘ်ထိုး၍ ရသည့် စဉ်းစားဉာဏ်နည်းသော လောဘကြီးသူများ အာဏာရ ရေးသာ အရေးထားသောကြောင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက်ချနိုင်ရေးကို ဗီတိုအာဏာ သုံးကာ တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒဖော်ထုတ်သူများက ပြောသည်။
တရုတ်နှင့် ရုရှားသည် ၎င်းတို့ အကျိုးစီးပွားကိုသာ ကြည့်သူများဖြစ်ပြီး ၎င်းတို့၏ ကန့်ကွက်မှုကြောင့် မြန်မာနိုင်ငံကို နိုင်ငံ တကာက ထိထိရောက်ရောက် ကူညီရန် နှောင့်နှေးသွားရကြောင်း ထို့ကြောင့် တရုတ်နှင့် ရုရှားနိုင်ငံတို့ကို တကမ္ဘာလုံးက ဖိအားပေး ဆန့်ကျင်သင့်ကြောင်း ပြောဆိုကြသည်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား သင်္ဘောသား တဦးဖြစ်သူ ကိုဇင်ထွန်းကလည်း မြန်မာပြည်သူတွေဘက်က မရပ်တည်ဘဲ အာဏာသိမ်းထားသည့် တပ်မတော်ဘက်က ရပ်တည်ကာ ဗီတိုအာဏာသုံးသည့် တရုတ်နှင့် ရုရှားနိုင်ငံ တို့ကို ဆန့်ကျင်ကြောင်း ပြသလိုသဖြင့် လူမှုကွန်ရက်တွင် Post တင်ကာ လှုံ့ဆော်တိုက်တွန်းနေရခြင်း ဖြစ်ကြောင်း ဧရာ ဝတီသို့ ပြောပြသည်။
“နဂိုထဲကလဲ ရုရှားနဲ့တရုတ်က မြန်မာနိုင်ငံကျဉ်းထဲ ကျပ်ထဲ ရောက်သွားရင် သူတို့အကျိုးရှိလို့ လုပ်တယ်လို့ မြင်တယ်။ သူ တို့ ကိုယ်တိုင်ကလဲ အာဏာရှင်ပဲကို။ ဒါကြောင့် သူတို့ကို ဆန့်ကျင်ရှုတ်ချရတာ ဖြစ်တယ်” ဟု ပြောဆိုသည်။
လူမှုကွန်ရက်တွင် လူတိုင်းက တရုတ်နဲ့ ရုရှားကို ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်မှု များပြားလာပါက တရုတ်နှင့် ရုရှားသည် သူတို့၏ လုပ်ရပ်ကို ပြန်လည် သုံးသပ်လာနိုင်ကြောင်း ကိုဇင်ထွန်းက ပြောသည်။
“တယောက်ထဲအနေနဲ့ မဟုတ်ဘဲ အများစုက ဝိုင်း share မယ်ဆိုရင် သူတို့ကိုယ်တိုင် မတရားလုပ်တာတွေကို သူတို့ကိုယ် သူတို့ ပြန်ရှက်မလား ဆိုပြီး သူတို့သဘောထားတွေ ပြောင်းလဲလာနိုင်မလားဆိုပြီး လူမှုကွန်ရက်မှာ Post တင်တာဖြစ် တယ်” ဟု ၎င်းကဆိုသည်။
ပဲခူးမြို့တွင် နေထိုင်သည့် ကျူရှင်ဆရာ တဦးဖြစ်သူ ကိုကျော်ဗိုလ်ကလည်း တရုတ်နှင့် ရုရှားနိုင်ငံသည် မြန်မာပြည်သူများ ၏ အကျိုးစီးပွားကို ရှေးရှုမှု မရှိသည့် အတွက် ယင်းနိုင်ငံထုတ်ပစ္စည်းများကို အသုံးမပြုကြရန် ပြောဆို သပိတ်မှောက်ရမည် ဖြစ်ကြောင်း ပြောသည်။
“ရုရှားဆိုရင်လည်း ဒီစစ်တပ်ကို သိပ်မကြာသေးဘူး။ လက်နက်တွေ၊ ဒုံးကျည်တွေ လာရောင်းသွားတာ ရှိတယ်။ တရုတ် ဆိုရင်လည်း မြန်မာပြည်က သယံဇာတ ပစ္စည်းတွေကို သူခိုးဈေးနဲ့ ယူတယ်။ ပြီးရင် သူတို့လုပ်တဲ့ပစ္စည်းတွေ အများကြီး သွင်းတယ်။ ဒီနိုင်ငံတွေဟာ မြန်မာလူထုကို ဘယ်တုန်းကမှ ကောင်းကျိုးမပေးခဲ့ဘူး” ဟု ပြောကြားသည်။
ထို့ကြောင့် တရုတ်နှင့် ရုရှားကို မြန်မာတနိုင်ငံလုံးက ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်ရမည် ဖြစ်ကြောင်း ကိုကျော်ဗိုလ် က ပြောသည်။
ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လကမူ တရုတ်နှင့် ရုရှားနိုင်ငံကို မြန်မာပြည်သူများ ဆန့် ကျင် ရှုတ်ချမှု လုပ်ဆောင်နေသည့်အပေါ် ထောက်ခံကြောင်း ပြောကြားသည်။
“ဒီဘက်က ဒီလိုပဲ လုပ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်နိုင်ငံရေးကို တလျှောက်လုံး ဝင်ရောက် စွက်ဖက်ပြီး လုပ် တာပေါ့။ ကျနော်တို့ နိုင်ငံထဲက ပဋိပက္ခတွေကို ဗီတိုအာဏာနဲ့ လာစွက်ဖက်နေတာ ဖြစ်တယ်။ သူတို့အကျိုးစီးပွားအတွက် ပေါ့။ ဒီဘက်က ဒီလို ဆန္ဒထုတ်ဖော် ရေးသားနေတာတွေကလည်း လုပ်သင့်တဲ့ အချက်ပါ” ဟု ၎င်းက ဆိုသည်။
လူထုဘက်က တစိုက်မတ်မတ်ဆောင်ရွက်ပါက တရုတ်နှင့် ရုရှား ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ပိုမိုအရှိန်မြှင့်လာနိုင် ကြောင်း ဒေါက်တာအမ်ကောန်လက ပြောသည်။ သို့သော်လည်း လူထုအနေနှင့် လှုပ်ရှားမှုဆောင်ရွက်ရာတွင် လှုပ်ရှားရ သည့် ရည်ရွယ်ချက် တိတိကျကျ ရှိသင့်ပြီး အစွန်းမရောက်သင့်ကြောင်း ၎င်းက သတိပေးသည်။
ဆက်လက်၍ ဒေါက်တာ အမ်ကောန်လက “ကျနော်တို့ ကြည့်ရမှာက တိုင်းပြည် မထိခိုက်ရေးကို ကြည့်ရမှာ။ နေရာတကာ anti လုပ်လို့ မရတာတွေတော့ ရှိတယ်။ သင့်တင့်လျှောက်ပတ်တဲ့ လုပ်ဆောင်ချက်မျိုးလုပ်ရမယ်။ ကျနော်တို့ ကတော့ Competitive Policy ကိုပဲ ကျင့်သုံးတယ်။ တရုတ်နဲ့ ဆက်ဆံသင့်ရင် ဆက်ဆံမယ်။ ရောင်းဝယ်သင့်ရင် ရောင်းဝယ်မယ်။ ကျနော်တို့နိုင်ငံ အမျိုးသား အကျိုးစီးပွားကိုလည်း ကြည့်ရပါမယ်။ Power balance ပဲ လုပ်ရမှာ ဖြစ်ပါတယ်” ဟု ပြောဆို သည်။
လက်ရှိ မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး လှုပ်ရှားမှုသည် အွန်လှိုင်း ဆန္ဒဖော်ထုတ်မှုအဆင့်မှ အမိန့် မနာခံရေး လှုပ် ရှားမှု ဆောင်ရွက်သည်အထိ ဖြစ်လာနေသည်။ တရုတ်သတ္တုတွင်း ကုမ္ပဏီတခုဖြစ်သည့် Myanmar Yangtse Copper Mine က သတ္တုတူးဖော်ရေး ဆောင်ရွက်နေသော ကြေးစင်တောင် ကြေးနီစီမံကိန်းတွင်လည်း မြန်မာ အလုပ်သမား များသည် အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wen Bin ကမူ မြန်မာ့တပ်မတော်၏ အာဏာသိမ်းမှုကို တရုတ် နိုင်ငံကထောက်ခံခဲ့သည် သို့မဟုတ် တိတ်တဆိတ် သဘောတူညီမှုပေးခဲ့သည်ဆိုသည့် ပြောဆိုချက်များကို ငြင်းဆိုထား သည်။
မြန်မာနိုင်ငံသည် အိမ်နီးချင်း မိတ်ဆွေနိုင်ငံဖြစ်သဖြင့် ဘက်အားလုံးက သဘောထား ကွဲလွဲမှုများကို သင့်မြတ်စွာ ဖြေရှင်းနိုင်ရန် နိုင်ငံရေးနှင့် လူမှုရေးတည်ငြိမ်မှု ရှိစေလာစေရေးအတွက် ဆန္ဒပြုပါကြောင်း ပြောကြားထားသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအကြား မြန်မာ့အရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ လုပ်ဆောင်သွား မည်ဆိုသည့် ဆုံးဖြတ်ချက်တစုံတရာ မချနိုင်သေးသော်လည်း တရုတ်နှင့် ရုရှားအပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများက ဖေဖော်ဝါရီလ ၄ ရက်တွင် အဖွဲ့ဝင်နိုင်ငံများအားလုံး သဘောတူသည့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အခြားသော လူပုဂ္ဂိုလ်များအား ဖမ်းဆီးထားမှုကို ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၌ တပ်မတော်၏ အာဏာသိမ်းသည့် လုပ်ရပ်နှင့် ပတ်သက်၍ မြန်မာပြည်သူများဘက်က မရပ်တည်သည့် တရုတ်နှင့် ရုရှားနိုင်ငံအား ဆန့်ကျင် သပိတ်မှောက်မှုများ သည် တနေ့တခြား ပိုမိုများပြားလာနေလျက် ရှိသည်။
You may also like these stories:
ဖမ်းထားသူများ လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီ တညီတညွတ်တည်း တောင်းဆို
သမ္မတပုံ မဖြုတ်ထား၍ တပ်အရာရှိက ရဲနှင့် ဌာနဝန်ထမ်းများအား ရိုက်နှက်ခဲ့
ရုရှားကာကွယ်ရေးဝန်ကြီးကို တပ်မတော်က ကော်ဇောနီဖြင့် ကြိုခဲ့သည်