ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် ၅ ရက်အကြာ၌ ‘စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး’ လူထုလှုပ်ရှားမှုများ မြန်မာနိုင်ငံတဝန်း အရှိန်မြင့်လာနေသည်။
ဖေဖော်ဝါရီ ၆ ရက်တွင် မန္တလေးမြို့မှ စတင်ခဲ့သည့် အဆိုပါ လူထုလှုပ်ရှားမှုသည် ဖေဖော်ဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သော ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သာမက မုံရွာ၊ မိုးကုတ်၊ မြဝတီ၊ စစ်ကိုင်း၊ ပုသိမ်၊ ဟားခါး စသည့် မြို့များထိ ပါဝင်လာပြီ ဖြစ်သည်။
ထောင် သောင်းချီ ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြသူများတွင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်ပြီး အများစုမှာ လူငယ်များ ဖြစ်သည်ကို တွေ့ရသည်။
ဆန္ဒပြသူများက ချီတက်ရာ လမ်းတလျှောက် ‘အာဏာရှင်စနစ်ကျဆုံးရေး’၊ ‘လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူများအား အမြန်ဆုံး ပြန်လွှတ်ပေးရေး’၊ ‘၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပေးရေး’ စသည်တို့ကို အဓိက ကြွေးကြော် တောင်းဆိုကြသည်။
ချီတက် ဆန္ဒပြရာ လမ်းတလျှောက် ပြည်သူအများစုကလည်း အာဏာရှင်စနစ်ကို ဆန့်ကျင်သော လက်သုံးချောင်းထောင် အမှတ်အသားဖြင့် အပြန်အလှန် နှုတ်ဆက်အားပေးခြင်း၊ မော်တော်ယာဉ်များဖြင့် ကားဟွန်းများတီးပြီး လိုက်ပါဝန်းရံခြင်း၊ ရေသန့်နှင့် အဆာပြေမုန့်များ ဝေငှပေးခြင်းတို့ကိုလည်း တွေ့ရသည်။
တဖက်တွင်လည်း တပ်မတော်က အာဏာသိမ်းပြီးသည့် နေ့မှစတင်၍ အစိုးရဝန်ထမ်းတချို့က Civil Disobedience Movement နှင့် ဖဲကြိုးနီကမ်ပိန်း လှုပ်ရှားမှုများဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသနေသလို မြန်မာ နိုင်ငံတဝန်း မြို့၊ ရွာ အများစုတွင်လည်း ည ၈ နာရီတိုင်း သံပုံးတီးကမ်ပိန်း ပြုလုပ်နေသည်မှာ ၆ ရက်တိုင် ရှိပြီ ဖြစ်သည်။
You may also like these stories:
တပ်မတော်မှ ဖမ်းထားသူများ သတင်းအစအန ပျောက်နေ၍ မိသားစုပူပန်
တပ်မတော်နှင့်ဆက်နွယ်သည့် လုပ်ငန်း၊ ထုတ်ကုန်များ ပြည်တွင်း ဆန့်ကျင်မှု မြင့်တက်
အာဏာသိမ်းမိသူတဦး၏ နိုင်ငံရေး သံဝေဂတရား