မြန်မာနိုင်ငံအနှံ့ရှိ အစိုးရ ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများ Civil Disobedience Movement လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် အစိုးရက စီမံအုပ်ချုပ်သည့် ကုသရေး လုပ်ငန်းစဉ်များ ရပ်ဆိုင်းလုလု အခြေအနေ ရင်ဆိုင်ရပြီ ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က “အားလုံးနီးပါးက ရပ်တန့်သလောက်တော့ ဖြစ်သွားပါပြီ။ လူနာတွေကတော့ ရှိနေမှာပါ။ ဆရာဝန်၊ ဆရာမတွေက အရေးပေါ်လူနာတော့ ကြည့်ကြပါတယ်။ အရေးပေါ် အသက်ကယ်တဲ့ အလုပ်ပဲ လုပ်ပါတော့တယ်။ ရွှေ့ဆိုင်းလို့ရတဲ့ လူနာတွေကတော့ ကြည့်ပေးနိုင်ခြင်း မရှိတော့ပါဘူး” ဟု ပြောသည်။
ရန်ကုန်ဆေးရုံကြီးမှ လူနာများ လွှဲပြောင်းပေးခြင်း၊ လူနာသစ်လက်မခံခြင်းများ မပြုလုပ်ဘဲ ပုံမှန်လည်ပတ်နေကြောင်း ဆေးရုံကြီးမှ တာဝန်ရှိသူတဦးက ဆိုသည်။
“ရန်ကုန်ပြည်သူ့ဆေးရုံကြီး လုပ်ငန်းတွေကတော့ ပုံမှန်ပါပဲ။ လူနာသစ်လက်မခံတော့တာ လွှဲပြောင်းပေးတာမျိုး မရှိပါဘူး။ ပုံမှန်ပါပဲ။ ဆရာဝန်တွေ သူနာပြုတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပုံမှန်ပဲ အလုပ်ဆင်းနေတာ”ဟု ၎င်းက ပြောသည်။
အကြမ်းမဖက် အာဏာဖီဆန် အာခံ ပုန်ကန်ရေး လှုပ်ရှားမှု (Civil Disobedience Movement-CDM) ကို တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် မြို့နယ်ပေါင်း ၈၀ ကျော်ရှိ အစိုးရဆေးရုံပေါင်း ၁၀၀ ရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ ထောင်နှင့်ချီ၍ ပါဝင်ခဲ့ကြသည်ဟု CDM လှုပ်ရှားရေးအဖွဲ့က ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ထုတ်ပြန်ထားချက်အရ သိရသည်။
တပ်မတော်က နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်၍ အရေအတွက် ထောင်နှင့်ချီသော မြန်မာနိုင်ငံအနှံ့အပြားမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများသည် CDM သာမက ရင်ဘတ်တွင် ဖဲကြိုးနီများတပ်ဆင်၍ အာဏာသိမ်းမှုအား လက်မခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
လူနာများ အခက်အခဲ မဖြစ်ရန်အတွက် မြို့နယ် အများအပြားတွင် ပြင်ပဆေးခန်းများက အရေးပေါ် လူနာများကို ကြည့်ရှူပေးပြီး လိုအပ်ပါက ပုဂ္ဂလိက ဆေးရုံများနှင့်ချိတ်ဆက်ကုသ ပေးနေကြောင်း သိရသည်။
လက်တလောတွင် အစိုးရဆေးရုံများမှ ဆေးရုံစာအုပ်ပါလျှင် အခမဲ့ သို့မဟုတ် စရိတ်မျှပေး စနစ်ဖြင့် ပြသနိုင်မည့် ဆေးခန်း ၆၀ ကျော် စာရင်းထွက်ပေါ်လာသည်။
အဆိုပါ စာရင်းတွင် ပါဝင်သည့် ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကျော်အထူးကုဆေးခန်းမှ တာဝန်ရှိသူ တဦးက “ကျနော်တို့ လုပ်ပေးနေပါတယ်။ ဆေးရုံစာအုပ်ပါလာမယ်ဆိုရင် စမ်းသပ်ခ မယူဘူး။ services charged မယူဘူး။ ဆေးကတော့ လိုအပ်တဲ့ဟာကို ရေးပေးလိုက်တယ်။ အပြင်မှာ ဝယ်ရင်လည်း ရတယ်။ ဆေးခန်းမှာ ဝယ်လည်း ရပါတယ်”ဟု ပြောသည်။
ပြည်သူများ အနေဖြင့်ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာတပ်မတော် ဆေးရုံများသို့ ဆယ်သွယ်ဆေးကုသမှု ခံယူသွားနိုင်ကြောင်း ဖေဖော်ရီ ၅ ရက်နေ့က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့တွင် တပ်မတော်ပိုင် မြဝတီမီဒီယာက အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သည့် ၂၅ ဦး၊ အသေးစားခွဲစိတ် ကုသရန် လိုအပ်သူ ၁၃ ဦး၊ စုစုပေါင်း ၃၈ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာ လူနာများကိုလည်း အထူးကြပ်မတ်ကုသပေးသည့် အပြင် ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဇန်နဝါရီ ၇ ရက်နေ့အထိ ပြင်ပလူနာ ၇၅၇ ဦး အတွင်းလူနာ ၃၄၅ ဦး လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြန်သည်။
တပ်မတော်ဆေးရုံများသို့ လူနာလွှဲပြောင်းမှုများ ရှိနေကြောင်း တပ်မတော်က ထုတ်ပြန်နေသော်လည်း ရန်ကုန်ဆေးရုံကြီး အပါအဝင် ဆေးရုံအချို့ကို ဆက်သွယ်မေးမြန်းကြည့်ရာ လွှဲပြောင်းမှုများ မရှိကြောင်း ပြောကြားသည်။
ရွေးကောက်ပွဲရလဒ်များ မမှန်ကန်ဟုဆိုကာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်က အာဏာသိမ်းယူခဲ့ ပြီးနောက် ကျန်းမာရေးဝန်ထမ်းများ သာမက အစိုးရဌာန အသီးသီးမှာလည်း အစိုးရယန္တရားတွင် မပါဝင်ကြောင်း Civil Disobedience Movement များ ဆက်တိုက်ပြုလုပ်လျက်ရှိသည့်အပြင် မြို့အသီးသီးတွင် လူပေါင်း သိန်းသောင်းချီပြီး လူထု ဆန္ဒပြပွဲများလည်း ဆင်နွှဲလျက်ရှိသည်။
You may also like these stories:
အာဏာသိမ်းမှုကို အာခံကြတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရှိန်မြင့်လာ
ပြည်သူ့အုပ်ချုပ်မှုစနစ်ကို အမြန်ဆုံးပြန်လည်ရနိုင်မယ့် အနေအထားရှိပါတယ်