နေအိမ်အကျယ်ချုပ်ချထားသည့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ် နန်းခင်ထွေးမြင့်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်မှာ တပ်မတော်က နေအိမ်များမှ ခေါ်ဆောင်ပြီး နေရာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က အတည်ပြုသည်။
ဦးအောင်ကြည်ညွန့်က “ဒေါက်တာအောင်မိုးညိုလည်း ပါသွားတယ်လို့ သတင်းကြားပေးမယ့် အတည်ပြုချက် တော့မရသေးဘူး၊ ပြည်သူ လူထုကို ဆက်သွယ်ပေးပို့နေတဲ့ ဗီဒီယိုမက်ဆေ့တွေကြောင့်ပဲ ဖြစ်နိုင်မယ်ထင်ပါတယ်။ ပြည်သူလူထုက သူတို့ရဲ့ဆန္ဒတွေကို ဒီလောက်ပြသနေတာတောင်မှပဲ ဆက်ပြီးမိုက်ချင်တဲ့သူတွေအတွက်တော့ ပြောရခက်သားပဲ” ဟု ပြောသည်။
၎င်းတို့အနေဖြင့် လာရောက်ခေါ်ဆောင်ခံရချိန်တွင် နေအိမ်ရှိ တယ်လီဖုန်းများပါ သိမ်းဆည်းသွားကြောင်း ဒေါ် နန်းခင်ထွေးမြင့်၏ မိသားစုဝင်တဦးက အတည်ပြုသည်။
ဒေါ်နန်းခင်ထွေးမြင့်အနေဖြင့် ပြီးခဲ့သည့်ရက်က ပြည်သူထံသို့ ဗီဒီယိုမက်ဆေ့ကတဆင့် “မြန်မာ့သားကောင်းစစ် သည်များရှင့်၊ ပြည်သူတွေကို ပစ်မထားပါနဲ့၊ ပြည်သူတွေကို ကာကွယ်ပေးကြပါ။ ပြည်သူနဲ့ အတူရပ်တည်ပြီး ပြည်သူနဲ့အတူ ကျမတို့ရဲ့သမိုင်းမှာ နောင်အနာဂတ်ခလေးတွေအတွက် ဝန်းရံပေးကြပါလို့၊ တပ်မတော်သား ပြည် သူတွေနဲ့အတူ ပူပေါင်းပါ၊ ကြည့်မနေပါနဲ့” လို့ ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကလည်း “ပွဲကမပြီးသေးပါဘူး။ စစ်အာဏာရှင်တရပ်လုံး ပြုတ်ကျ သည်အထိ ဆက်ပြီးလုပ်ဆောင်ကြရမှာပါ၊ ပြည်သူတရပ်လုံးရဲ့ အင်အားကို နောက်မဆုတ်ဘဲ ရှေ့ဆက်ပြီး လှေ ခွက်ချည်းကျန် မလံမလဲကျစတမ်း ပြည်သူတရပ်လုံး ပူးပေါင်းလုပ်ဆောင်ပေးကြပါ”ဟု တိုက်တွန်းထားသည်။
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသည့် NLD ခေါင်းဆောင်များအနေဖြင့် ပြည်သူထံသို့ ဗီဒီယိုမက်ဆေ့ များမှတဆင့် ပြောကြားရာတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ပြည်သူလူထုတရပ်လုံးမှ ညီညွတ်စွာ ပူးပေါင်းကြရန်၊ ပြည်သူအာဏာဖီဆန်မှု CDM လှုပ်ရှားမှုကိုလည်း ဆက်လက်ဝန်းရံကြရန်နှင့် လူငယ်မျိုးဆက် သစ်များ၏ ပါဝင်မှုအတွက်လည်း အားဖြစ်ရကြောင်းတို့ကို ပြောကြားခဲ့ကြပြီး ဆက်လက်ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့ကြသည်။
You may also like these stories:
အာဏာသိမ်းမှုကို အာခံကြတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ
အာဏာသိမ်း အစိုးရနှင့် ပူးပေါင်းလိုက်သည့် ပါတီများ ဝေဖန်ခံနေရ
အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု ယန္တရား ရပ်ဆိုင်းတော့မည်လား