ကျန်းမာရေးဝန်ကြီးဌာနလက်အောက်မှ ဝန်ထမ်းများ Civil Disobedience Movement လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် အစိုးရ၏ လူထုကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်များ ရပ်ဆိုင်းလုလု အခြေအနေသည် ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ဆေးထိုးရေးအစီအစဉ်များအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိနေသည်၊
ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ယခင်က ပုံမှန် ၁ သောင်းကျော် စစ်နေသည့် အနေအထားမှ ဖေဖော်ဝါရီ ၇ ရက် ထုတ်ပြန်ချက်တွင် ၇,၁၁၂ သို့ ကျဆင်းသွားကြောင်း တွေ့ရသည်။ ပိုးတွေ့ရှိမှုမှာလည်း ၅၄ ဦးသာ ရှိတော့ကြောင်း ထုတ်ပြန်ထားသည်။
တပ်မတော်က အာဏာသိမ်းခြင်းကို ကန့်ကွက်ရှုတ်ချသည့် အနေဖြင့် ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများသည် အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) ကို ဖေဖော်ဝါရီလ၂ ရက်က စတင် လှုပ်ရှား ခဲ့ကြသည်။
ကိုဗစ်ဓာတ်ခွဲ စစ်ဆေးသည့် နေရာများမှ ဆရာဝန်များအနေဖြင့်လည်း အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်မှုများ ရှိကြောင်း ကျန်းမာရေး အသိုင်းအဝန်းက ဆိုသည်။ လက်ရှိအခြေအနေတွင် ကျန်းမာရေး ဝန်ကြီးဌာနအတွင်းတွင်ပင် ကိုဗစ်နှင့် ပတ်သက်သည့် အချက်အလက် စာရင်းဇယားများ တိတိကျကျ ရရှိနိုင်ခြင်း မရှိတော့ကြောင်းလည်း သိရသည်။
CDM တွင် ကျန်းမာရေး နယ်ပယ်သာမက အစိုးရဌာန အသီးသီးရှိ အစိုးရဝန်ထမ်းများလည်း နိုင်ငံအနှံ့တွင် ပါဝင်လာသည်။ ဖေဖော်ဝါရီလ ၆ ရက်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားသောမြို့များတွင်လည်း တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒ ထုတ်ဖော်များ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။
ထိုသို့သော အခြေအနေများကြောင့် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ကာကွယ်ဆေးများ ဝယ်ယူပြီး ဦးစားပေးအုပ်စုများ ခွဲထုတ်ကာ ထိုးနှံပေးမည့် အစီအစဉ်ကို မည်သို့မျှ ဆက်လုပ်နိုင်မည့် အနေအထားမျိုး မတွေ့ရပေ။
ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး၊ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် က “ကိုဗစ်က အလွန့် အလွန် စိုးရိမ်ရတာပေါ့။ ဒါတွေက မြန်မာနိုင်ငံ ပြဿနာတင် မဟုတ်တော့ဘူး။ ဒေသတွင်း ပြဿနာ ဖြစ်လာနိုင်တယ်။ ဒေသတွင်းကို ခြိမ်းခြောက်နိုင်တဲ့ ပြဿနာလည်း ဖြစ်သွားနိုင်တယ်ပေါ့” ဟု ပြောသည်။
ယခုအခါ လူပေါင်းသိန်းချီပြီး လမ်းမများပေါ်တွင် တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေခြင်းကလည်း ကျန်းမာရေး ရှုထောင့်အရ စိုးရိမ်စရာ ဖြစ်သည်။
ရန်ကုန်တိုင်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးတွင် အဓိက လုပ်ဆောင်နေသည့် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးကလည်း “အခုလိုမျိုး အခြေအနေမျိုးမှာတော့ Mask တပ်တာတို့ ဘာတို့ကတော့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြန့်နိုင်တာပေါ့။ အခုလို လူအုပ်စုတွေ။ မက်စ်တပ်တာတို့ လက်ဆေးတာတို့ ခွာခွာနေတာတို့ သတိထားတာတို့တော့ လိုအပ်တာပေါ့” ဟု သတိပေးသည်။
ရန်ကုန်တိုင်း အနေဖြင့် ပြည်သူလူထုကြားထဲတွင် ကူးစက်မှုနည်း လျော့နည်းလာပြီး ပြည်သူများ Antibody ထွက်နေသည့် အနေအထားမျိုးတွင် ရှိကြောင်း ၎င်းက ခန့်မှန်းသည်။
တချိန်တည်းတွင်ပင် COVID-19 ရောဂါကြောင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရား၊ မန္တလေးမြို့ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော် ပုဗ္ဗသီ ရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး အပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဘုရားစေတီများ ဖူးမြော်ခွင့် ယာယီပိတ်ထားရာမှ ယခုအခါ ကိုဗစ်ကူးစက်ပျံ့နှံ့မှု အတိုင်းအတာတရပ်ထိ ထိန်းချုပ်နိုင်ပြီဖြစ်သဖြင့် ကိုဗစ်စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဖေဖော်ဝါရီ ၈ ရက်မှ စ၍ ခွင့်ပြုပေးမည်ဖြစ်ကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မတ်လ ၂၃ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၄၁,၃၀၄ ဦး ရှိ နေပြီ ဖြစ်ကာ သေဆုံးသူ ၃,၁၇၅ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၇,၆၈၄ ဦး ရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု ယန္တရား ရပ်ဆိုင်းတော့မည်လား
ပြည်သူ့အုပ်ချုပ်မှုစနစ်ကို အမြန်ဆုံးပြန်လည်ရနိုင်မယ့် အနေအထားရှိပါတယ်
အာဏာသိမ်းမှုကို အာခံကြတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲ