မြန်မာဝမ်ပေါင်ကုမ္ပဏီက မြန်မာအလုပ်သမား ၁၃၀၀ ခန့်သည် အာဏာသိမ်း တပ်မတော်အစိုးရကို ဖေဖော်ဝါရီလ ၉ တွင် စတင်ဆန္ဒပြနေပြီဖြစ်ကြောင်း ဆန္ဒပြမြန်မာဝန်ထမ်းများ ထံမှ သိရသည်။
Myanmar Wanbao Mining Copper Company Ltd ကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၀ မေလတွင် တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်းကို အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။
“စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ပြီး ထိန်းသိမ်းခံ ပြည်သူ့ အစိုးရအဖွဲ့နဲ့ ပြည်သူတွေကို ချက်ချင်းလွှတ်ပေးဖို့ ရယ်။ မရှိမဖြစ်တဲ့ ဌာနတွေကလွဲရင် ဌာနပေါင်းစုံ CDM (လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်နေတဲ့အချိန်မှာ CDM လုပ်တဲ့ ဝန်ထမ်းတွေနဲ့ အတူရှိနေတဲ့အကြောင်း ပြသချင်လို့ ဆန္ဒပြတာဖြစ်ပါတယ်” ဟု ဆန္ဒပြ မြန်မာဝန်ထမ်းတဦးကဆိုသည်။
မြန်မာဝန်ထမ်းများသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်ချက်ချင်းလွှတ်၊ စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်က ဆန္ဒဖော်ထုတ်နေကြခြင်းလည်း ဖြစ်သည်။
ဆန္ဒပြမှုကို စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ မြန်မာဝမ်ပေါင် ကုမ္ပဏီဝင်းအတွင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး နေ့တိုင်း မနက် ၉ နာရီတွင် ပုံမှန် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဆန္ဒပြမြန်မာဝန်ထမ်းများက ပြောဆိုသည်။
မြန်မာနိုင်ငံ၌ တပ်မတော်က အာဏာသိမ်းထားမှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက စီစဉ်ခဲ့သော်လည်း တရုတ်နှင့် ရုရှားနိုင်ငံတို့က ဗီတိုအာဏာ သုံးပြီး ကန့်ကွက်ခဲ့သဖြင့် အထမမြောက်ခဲ့ ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသားများက တရုတ်နှင့် ရုရှားနိုင်ငံကို ဆန့်ကျင်ရှုတ်ချကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် စာရေးသား ဆန္ဒထုတ်ဖော်မှုများ အရှိန်မြင့်တက်ခဲ့သည်။
ယင်းနောက်တွင် မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများတွင် လုပ်ကိုင်နေသော မြန်မာဝန်ထမ်းများကပါ CDM လှုပ်ရှားမှုတွင် ပါဝင်လာပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများ ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
ဧရာဝတီက စုံစမ်းသိရသည့် သတင်းများအရ တရုတ်သတ္တုတွင်း ကုမ္ပဏီတခုဖြစ်သည့် Myanmar Yangtse Copper Mine က သတ္တုတူးဖော်ရေး ဆောင်ရွက်နေသော ကြေးစင်တောင် ကြေးနီစီမံကိန်းတွင်လည်း မြန်မာ အလုပ်သမားများ အလုပ်မဆင်းဘဲ သပိတ်မှောက်နေကြောင်း သိရသည်။
You may also like these stories:
ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမားများ CDM လှုပ်ရှားမှုတွင် ပါဝင်လာ