ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ မြို့နယ်အဆင့် ပါတီခေါင်းဆောင် ၂ ဦး ကို ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၁၁ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း မိသားစုဝင်များထံမှ သိရသည်။
ဖမ်းဆီးခံရသူ ဦးမင်းအောင်နှင့် ဦးသန့်ဇင်ဖြိုးတို့အား တောင်ကုတ် မြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း မိသားစုဝင်များ က ပြောသည်။ ဦးမင်းအောင်သည် ယခုနှစ်ဆန်းပိုင်းမှ ရခိုင့်တပ် AA ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှ ပြန်လွတ်လာသူဖြစ်သည်။
၎င်းတို့နှစ်ဦးအား ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို တိတိကျကျ မသိရှိရသေးကြောင်း၊ ၎င်းတို့အား အမြန်ဆုံး ပြန်လွှတ်ပေးရန် ဒေသခံ အယောက် ၁၀၀ ကျော်က ရဲစခန်းရှေ့တွင် တောင်းဆိုလျက်ရှိပြီး တဖြည်းဖြည်း လူ အင်အား များလာကြောင်း မြို့ခံများက ပြောသည်။
တပ်မတော်က အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်များတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်နေပြီး စစ်တွေမြို့ပေါ်၌လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက အချက် အခြာ ကျသည့်နေရာများ၌ လုံခြုံရေး ယူထားကြောင်း သိရသည်။
You may also like these stories:
ANP ပါတီ ကောင်စီတွင် ပါဝင်ခြင်းမပြုရန် ရခိုင်အရပ်ဘက်အဖွဲ့ ၄၀ ကျော် တိုက်တွန်း
အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း
ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာအလုပ်သမားများ CDM လှုပ်ရှားမှုတွင် ပါဝင်လာ