ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် အမေရိကန် အားထုတ်မှု ပယ်ချခံရ
တပ်မတော် အာဏာသိမ်းမှုအတွက် နိုင်ငံတဝန်း ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖမ်းဆီးခံထားရသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်ရန် အားထုတ်မှုများ ပယ်ချခံရကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်မရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာသည်။
“ဖေဖေါ်ဝါရီလ ၁ ရက်နေ့ဖြစ်ရပ်အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ နက်ဒ်ပရိုက်စ်က တနင်္လာနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ “ကျနော်တို့က တရားဝင်ရော အလွတ်သဘောပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ဖို့တောင်းဆိုတယ်။ ဒီတောင်းဆိုမှုတွေ ပယ်ချခံရတယ်” ဟု သူပြောသည်။
မြန်မာန်ိုင်ငံတွင် အကြီးမားဆုံး မြို့ကြီး နှစ်မြို့ဖြစ်သော ရန်ကုန်နှင့် မန္တလေးတွင် ဆန္ဒပြပွဲများ စနေနေ့တွင် စတင်သည်။ နိုင်ငံအနှံ့အပြား အခြားဒေသများတွင်လည်း ဆန္ဒပြပွဲများဖြစ်ပေါ်နေသည်။
တပ်မတော်က အာဏာသိမ်းပြီး ၈ ရက်မြောက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး တချို့၌ လူ ၅ ဦးထက် ပိုမစုရန်၊ ည ၈ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရန် အမိန့်ညွှန်ကြားချက်များ ထွက်ပေါ်လာသည်။
ယနေ့ ဖေဖော်ဝါရီ ၉ ရက် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံမြို့တော်နေပြည်တော်မှ ကြီးမားသော ဆန္ဒပြပွဲတခုကို သေနတ်ဖြင့် ပစ်ခတ် လူစုခွဲသည်။
ရိုက်တာ သတင်းတခုက မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင် သတင်းသမားတယောက်အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူ အနည်ဆုံး ၂၇ ဦးကို မြန်မာရဲတပ်ဖွဲ့ ဖမ်းကြောင်း သိရသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ သတင်းသမားတယောက် ဆန္ဒပြပွဲကို ရိုက်ကူးနေစဉ်ဖမ်းဆီး ခံရပြီး လူအများအပြား ရိုက်နှက်ခံရသည်။
၁၉၉၁ ခုနှစ် နိုဗယ်ဆုချီးမြှင့်ခံရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တရားမဝင်တင်သွင်းထားသည့် လမ်းလျှောက်စကားပြောစက် ၁၀ ခုတွေ့သည်ဟု စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးလိုက်သည်။ သမ္မတ ဦးဝင်မြင့်ကိုမူ ၂၀၂၀ နိုဝင်ဘာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စုဝေးပွဲတခုတွင် ကိုဗစ်-၁၉ စည်းကမ်းမလိုက်နာဟု စွပ်စွဲကာ ဖမ်းဆီးထားသည်။
ကြာသပတေးနေ့တွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မြန်မာစစ်ခေါင်းဆောင်များ ၎င်းတို့သိမ်းယူထားသော အာဏာကို စွန့်လွှတ်ရန်နှင့် ဖမ်းဆီးထားသာ အရာရှိများ၊ တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည်။
မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့ရန် ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အိမ်ဖြူတော်ပြောခွင့်ရသူ ဂျန် ဆာကီက ပြောသည်။ အိမ်ဖြူတော်သည် အရေးယူပိတ်ဆို့မှုလုပ်ပိုင်ခွင့်များကို သုံးသပ်နေကြောင်းနှင့် မည်သည့်အရေးယူမှုကို အဓိကထားရမည်ကို လေ့လာနေကြောင်း သတင်းထောက်များကို သူပြောသည်။
You may also like these stories:
အကျယ်ချုပ်မှ NLD ဝန်ကြီးချုပ် ၃ ဦးကို တပ်ကထိန်းသိမ်းပြီး နေရာရွှေ့ပြောင်း