သတင်း

အာဏာသိမ်းကောင်စီအနေဖြင့် လူထုကို အကြမ်းမဖက်ရန် CRPH တောင်းဆို

ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြသည့် လူထုအပေါ် အာဏာသိမ်းကောင်စီအနေဖြင့် အကြမ်းမဖက်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေး ရပိုင်ခွင့်ကို ကာကွယ်ပေးရန် ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထား သည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ယနေ့ တောင်းဆိုလိုက်သည်။

လက်ရှိတွင် ဆန္ဒထုတ်ဖော်နေသည့် လူထုအား နေပြည်တော်၊ မန္တလေး၊ မကွေးတို့တွင် ရေပိုက်ထိုးကာ ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်သည့်အပြင် နေပြည်တော် သေနတ်ပစ်၍ ဖြိုခွဲမှုကြောင့် ထိမှန်ဒဏ်ရာသူအချို့ ရှိနေသည်။

အာဏာသိမ်း တပ်မတော်အစိုးရအား ဆန့်ကျင်နေသည့် ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ကိုလည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားပြီး ပူးပေါင်းသူများ၏ နေရေး စားရေး အခက်အခဲ များကိုလည်း ကူညီဖြေရှင်းနိုင်ရေး အဖွဲ့အစည်းများဖြင့် ချိတ်ဆက် ကူညီသွားမည် ဖြစ်ကြောင်းလည်း CRPH က ကြေညာခဲ့သည်။

CRPH က “နိုင်ငံသားများ၏ ငြိမ်းချမ်းစွာဖြင့် မတရားသည့် အမိန့်အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်” ဆိုသည့်အတိုင်း အချုပ်အခြာအာဏာ၏ မူလပိုင်ရှင် ပြည်သူများက ၎င်းတို့၏ အခွင့်အရေးကို ကာကွယ်သည့် လုပ်ဆောင်ချက်ဖြစ်သည်” ဟု ခိုင်ခိုင်မာမာ ယုံကြည်ကြောင်းလည်း ပြောထားသည်။

ယင်းပြင် တပ်မတော်၏ အာဏာသိမ်းယူမှုသည် ဥပဒေမဲ့ပြုကျင့်ခြင်း ဖြစ်သည့်အတွက် တရားဝင်မှု မရှိကြောင်းနှင့် CDM လှုပ်ရှားမှုအား ပံ့ပိုးသည့်အနေဖြင့်လည်း သက်ဆိုင်ရာ အစိုးရ အဖွဲ့လက်အောက်ရှိ ဦးစီးဌာန၊ အဖွဲ့အစည်းနှင့် ရုံးဌာန အသီးသီးမှ ဝန်ထမ်းများအား ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များဖြင့် အစိုးရသစ် ဖွဲ့စည်းနိုင်သည်အထိ အလုပ်ပိတ်ရက် သတ်မှတ်လိုက်ကြောင်း ကယားပြည်နယ်အစိုးရ ရှမ်းပြည်နယ်အစိုးရနှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရတို့က ကြေညာထားသည်။

You may also like these stories:

CDM လှုပ်ရှားမှု အရှိန်မြင့်လာ

အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု ယန္တရား ရပ်ဆိုင်းတော့မည်လား

Loading