စစ်အာဏာသိမ်းမှု ၉ ရက်မြောက်မှာ လူ ၅ ဦးထက် ပိုမစုဖို့ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ရဲနဲ့တပ်တွေ လုံခြုံရေးမြှင့်ခဲ့ပေမယ့် စစ်အာဏာရှင် ဆန့်ကျင်တဲ့ လူထုအင်အား လျော့ကျခြင်းမရှိဘဲ ပြည်သူတွေဟာ တိုင်းပြည် အနှံ့အုံကြွ ပါဝင်လာခဲ့ပါတယ်။
ယနေ့ မနက်အစောပိုင်းက ရန်ကုန်ကို အချိတ်အဆက် ဖြတ်တောက်ဖို့ တံတားတွေမှာ ပိတ်ဆို့နေရာယူခဲ့ပေမယ့် လူထု အင်အားနဲ့ တောင်းဆိုမှုကြောင့် နာရီပိုင်းအကြာမှာ ပြန်ဖွင့်ပေးခဲ့ရပြီး လူငယ်ထုဦးဆောင်တဲ့ ဆန္ဒပြသူတွေကလည်း မနက် ၈ နာရီခန့်က စတင်ကာ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာမှာ စုဝေးချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သိန်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ပုံမှန်စုံရပ်တွေဖြစ်တဲ့ လှည်းတန်းလမ်းဆုံ၊ ဆူးလေဘုရားလမ်းတို့ကို မြို့နယ်အသီးသီးက ချီတက်ခဲ့ကြသလို အမေရိကန်သံရုံးရှေ့မှာလည်း အချို့က ဆန္ဒဖော်ထုတ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဘက်ကတော့ လူစုခွဲကြဖို့ ပြောဆို တိုက်တွန်းတာတွေ လုပ်ခဲ့ကြပါတယ်။
ငြိမ်းချမ်းစွာ စုစည်းဆန္ဒဖော်ထုတ်သူတွေကတော့ လူစုခွဲခြင်း မရှိခဲ့ဘဲ လှည်းတန်းလမ်းဆုံမှာ ဆက်လက်ရှိနေတာကြောင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာ ရဲတပ်ဖွဲ့ရော တပ်မတော်ကပါ အင်အားတိုးမြှင့်ပြီး ပိတ်ဆို့ထားကာ ဖြိုခွဲဖို့ သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
လူထုနဲ့ ထိပ်တိုက်တွေ့နေတဲ့ အနေအထားမှာတော့ ည ၅ နာရီအထိတော့ အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးတာ မရှိသေးပေမယ့် ဆန္ဒပြသူတွေဟာ ရေပိုက်နဲ့ထိုးကာ ဖြိုခွဲမယ့် အခြေအနေအတွက် မိုးကာအင်္ကျီတွေ ဝတ်ဆင်ခဲ့ကြသလို ထောက်ပံ့ကူညီ သူတွေနဲ့ အရေးပေါ်လူမှုကူညီရေးကားတွေကလည်း အကာအကွယ်ပေးဖို့နဲ့ ကူညီကယ်ဆယ်ဖို့ အနီးအနားမှာ စောင့်ကြပ် ပေးနေကြပါတယ်။
အခြားသော မြို့တချို့မှာတော့ ဌာနဆိုင်ရာနဲ့ လူတန်းစား အလွှာအသီးသီးက ပိုမို ပူးပေါင်းလာတဲ့ စစ်အာဏာရှင် ဆန့် ကျင်သူတွေကို ရဲနဲ့ တပ်မတော်က အင်အားသုံးကာ တားဆီး ပိတ်ဆို့မှုတွေလည်း ပြုလုပ်လာခဲ့ပြီး နေပြည်တော်၊ မန္တလေး တို့လို မြို့ကြီးတွေမှာတော့ သေနတ်နဲ့ ပစ်ခတ်တာ၊ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးဖြိုခွဲတာတွေ ပြုလုပ်လာပါတယ်။
အစိုးရ ရုံးစိုက်ရာ နေပြည်တော်မှာ သေနတ်နဲ့ ပစ်ခတ်တာ၊ ရေပိုက်ထိုးကာ လူစုခွဲတာကြောင့် ဒဏ်ရာရရှိသူ အနည်ဆုံး ၆ ဦးခန့် ရှိခဲ့ပြီး သေနတ် ဒဏ်ရာရရှိသူ၂ ဦးမှာလည်း အသက်အန္တရာယ် အလွန်စိုးရိမ်ရတဲ့ အခြေအနေ ရှိနေပါတယ်။
မန္တလေးမြို့မှာလည်း ချီတက်ဆန္ဒပြသူတွေကို ၇၃ လမ်းနဲ့ ၃၈ လမ်းထောင့်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးပစ်တာတွေ ရေပိုက်နဲ့ထိုးကာ လူစုခွဲ ရိုက်နှက်ဖမ်းဆီးတာတွေကြောင့် အပြန်အလှန် ပစ်ပေါက်တာတွေ ရှိခဲ့ပြီး ပြည်သူအချို့နဲ့ ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ ၃၀ ဦးခန့်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဒါ့ပြင် ၃၅ လမ်းအနီး ဆန္ဒဖော်ထုတ်နေသူတွေကိုလည်း ရဲတပ်ဖွဲ့က ရာဘာကျည်နဲ့ ပစ်ခတ်တာကြောင့် ဆန္ဒပြသူတချို့မှာ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ချီတက် ဆန္ဒဖော်ထုတ်ကြတဲ့ လူထုကိုလည်း တပ်မတော်က အင်အားသုံးကာ ပိတ်ဆို့ တာတွေ ပြုလုပ်ခဲ့သလို ပဲခူးနဲ့ မကွေးမြို့တို့က ဆန္ဒပြလူထုကိုလည်း ရေပိုက်တွေနဲ့ထိုးကာ လူစုခွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အာဏာသိမ်း အစိုးရအနေနဲ့ ဆန့်ကျင်မှု အင်အားကြီးထွားလာတဲ့ လူထုအပေါ် အကြမ်းဖက်ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တာ ကြောင့် နေပြည်တော်၊ မကွေးနဲ့မြိတ်မြို့တို့က ရဲတပ်ဖွဲ့ဝင် ၅ ဦးခန့် လူထုဘက် ပြန်လည် ပူးပေါင်းခဲ့ပြီး ဖြိုခွဲမှုကို ဝိုင်းဝန်း ကာကွယ်ခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော် ဟောပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။
“ဒီတိုက်ပွဲကို ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး တဦးတယောက် ကောင်းစားရေး တပ်မတော်ကို ခုတုံးလုပ်တဲ့ စစ်အာဏာရှင်ကို အပြတ်ချေမှုန်းဖို့ ဖြစ်တယ်” လို့ နေပြည်တော်မှာ လူထုနဲ့ဘက် ပူးပေါင်းလာတဲ့ ရဲအရာရှိက ပြောခဲ့ပါတယ်။
မြိတ်မြို့မှ လူထုနဲ့ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်ကလည်း “စစ်အာဏာရှင် အလိုမရှိ လို့ ဒီလိုလုပ်တာ၊ အာဏာသိမ်းချင်သိမ်းပါစေ ပြည်သူဘက်က ရပ်တည်မှာဖြစ်လို့ ကျနော့်ယူနီဖောင်း ခု ချက်ချင်း လာချွတ်လို့ ရပါတယ်။ အာဏာရှင်တွေကို အလို မရှိဘူး။ ငွေများ တရားနိုင် လုပ်နေတဲ့ သူတွေကို
မလိုလားဘူး” လို့ ဆန္ဒပြလူထုကို ပြောခဲ့ပါတယ်။
လူထုဘက် ပူးပေါင်းလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရာရှိတွေက ပြန်လည်ခေါ်ဆိုခဲ့ပေမယ့် လူထုက ပြန်မသွားစေဖို့ အကာအကွယ် ပေးတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လူထုနဲ့ ပူးပေါင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ အချို့မြို့နယ် တွေက ဆန္ဒပြပွဲ ဦးဆောင်သူ လူငယ်အချို့ကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အာဏာ ဖီဆန်ရေး(CDM) လှုပ်ရှားမှု ကလည်း ဆက်လက် အားကောင်းလာခဲ့ပြီး ဌာနဆိုင်ရာအချို့နဲ့ လုပ်ငန်းများ နှောင့်နှေး ရပ်တန့်နေသလို ဘဏ်ဝန်ထမ်း တွေလည်း ပါဝင်လာတဲ့အတွက် ဘဏ်တွေလည်း ပိတ်ထားရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အာဏာသိမ်းအစိုးရနဲ့ ဌာနအကြီးအကဲတွေ ဘက်ကတော့ CDM လှုပ်ရှားမှု ပါဝင်တဲ့ ဝန်ထမ်းတွေအပေါ် အရေးယူဖို့၊ ဝန် ထမ်းလိုင်းခန်းကနေ ထွက်ခွာဖို့ ဖိအားပေးတာတွေ ပြုလုပ်နေပါတယ်။ ပြည်သူလူထုကတော့ CDM လှုပ်ရှားမှုတွေကို ကူ ညီထောက်ပံ့ဖို့ ပြင်ဆင်ကြသလို အာဏာရှင် ကျဆုံးရေး ပိုမိုပြီး ပူးပေါင်း ပါဝင်ပေးကြဖို့လည်း တိုက်တွန်းတောင်းဆိုနေကြ ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စား ပြု ကော်မတီ(CRPH) က “နိုင်ငံသားများ၏ ငြိမ်းချမ်းစွာဖြင့် မတရားသည့် အမိန့်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM)သည် “နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်” ဆိုသည့်အတိုင်းအချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်ပြည်သူများက ၎င်းတို့၏ အခွင့်အရေးကို ကာကွယ်သည့် လုပ်ဆောင်ချက်ဖြစ်တယ်” လို့ ခိုင်ခိုင်မာမာ ယုံကြည် ကြောင်း ယနေ့ ထုတ်ပြန် ကြေညာထားပါတယ်။
ယနေ့လို လုံခြုံရေး တပ်ဖွဲ့တွေဘက်က လူထုအပေါ် အင်အားသုံး အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေ ရှိလာချိန်မှာ ဆန္ဒပြ ပြည် သူတွေအပေါ် မတရား အင်အားသုံးရန် အမိန့်ပေးသူ၊ ဆောင်ရွက်သူအားလုံးကို လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုတွေ အဖြစ် အရေးယူနိုင်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီအရင်ခံစာ တင်သွင်းသူ ကုလ သမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာသောမတ်စ် အင်ဒရူးက သတိပေးခဲ့ပါတယ်။
ဒါ့ပြင် ကုသသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာ့အရေးဆွေးနွေးဖို့ အဖွဲ့ဝင် ၄၅ နိုင်ငံရဲ့ ထောက်ခံမှုနဲ့ အထူး အစည်း အဝေး တရပ်ကိုလည်း ခေါ်ယူထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ
အာဏာသိမ်းကောင်စီအနေဖြင့် လူထုကို အကြမ်းမဖက်ရန် CRPH တောင်းဆို
အကြမ်းဖက်ဖြိုခွင်းသူများ လူသားမျိုးနွယ်စုကို ချိုးဖောက်သည့် ပြစ်မှုဖြင့် အရေးယူနိုင်ဟု UN ပြော