ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တွင် ရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်ကို တပ်မတော် က ဖေဖော်ဝါရီ ၉ ရက်၊ ည ၁၀ နာရီခန့်တွင် ဝင်ရောက်စီးနင်း ရှာဖွေခဲ့ကြောင်း NLD ဘက်က ပြောသည်။
“သူတို့က သူတို့လိုချင်တာတွေ ရှာပြီးတော့ ယူသွားတာပေါ့။ ကျနော်တို့က ညဘက်ရုံးမှာ အစောင့်မထားဘူး။ ရုံးဖွင့်တဲ့ ပုံစံ အတိုင်းပဲ မနက်ရုံးတက်တယ်။ ညနေ ရုံးဆင်းတယ်။ ဒီအတိုင်းပဲ ထားတယ်။ ကျနော်တို့ဘက်က တာဝန်ရှိတဲ့သူရော၊ စောင့်တဲ့သူရော မရှိခင်မှာ ဝင်ပြီး စီးသွားတာပါ” ဟု NLD ပါတီ တာဝန်ရှိသူတဦးက ပြောသည်။
ယခုကဲ့သို့ NLD ပါတီကို တစုံတရာ အကြောင်းကြားခြင်းမရှိဘဲ ညဘက် ဝင်ရောက်စီးနင်း ရှာဖွေလာမှုသည် တပ်မတော် က NLD ပါတီကို အရေးယူနိုင်ရန် အမှားရှာဖွေနေခြင်းသာ ဖြစ်ကြောင်း ပါတီတာဝန်ရှိသူ တဦးက မှတ်ချက်ပေးသည်။
“မဲစာရင်းတွေတုန်းကလည်း မဲစာရင်းတွေ ဖောင်းပွနေတယ် ဆိုတာမျိုး။ NLD နဲ့ ပတ်သက်ပြီး အမှားရှာချင် တာပေါ့။ ကျနော်တို့ ရုံးမှာရှိတဲ့ မှတ်တမ်းမှတ်ရာ ဒါတွေကို ယူပြီးတော့ သူတို့ အမှားရှာမှာပေါ့” ဟု ၎င်းက ဆိုသည်။
NLD ဗဟို ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးကလည်း “ဖေဖော်ဝါရီ ၉ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် ဗဟန်းမြို့နယ်ရှိ အဖွဲ့ချုပ် ဌာနချုပ်အဆောက်အဦနှင့် တာမွေမြို့နယ်ရှိ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့ရုံး အဆောက်အဦတို့အား စစ်တပ်မှ ချိုးဖျက်ဝင်ရောက်ပြီး စာရွက်စာတမ်းများနှင့် ကွန်ပျူတာဟာ့ဒစ်များ ယူဆောင်သွားပါသည်။ ဥပဒေမဲ့ တရားမဲ့ ပြု ကျင့်မှုကို ပြင်းထန်စွာ ကန့်ကွက်ပါသည်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားထားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင်ထားသော နိုင်ငံရေးပါတီတရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက် နာပါမည်ဟု ပြောဆိုထားသော တပ်မတော်က ယခုကဲ့သို့ အချိန်မတော် ဝင်ရောက်စီးနင်း ရှာဖွေခြင်းသည် ဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ လွတ်လပ်စွာ ပြောဆိုဟောပြောနိုင်တယ်။ လွတ်လပ်စွာ ဖွဲ့စည်းနိုင်တယ်ဆိုတဲ့ အပိုဒ်တွေ ပါတယ်။ ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဆိုရင်လည်း NLD ကို မတရားအသင်း ကြေညာထားတာ မဟုတ် ရင် လုပ်လို့မရဘူး။ မတရားအသင်း ကြေညာလိုက်ပြီးနောက်မှာ ရှာတာဖွေတာက တမျိုးလေ။ အခုက မတရားအသင်း ကြေညာဖို့အတွက် အကွက်ဆင်သလို ဖြစ်နေတယ်” ဟု ၎င်းက ထောက်ပြသည်။
ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထားပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးနောက် ၉ ရက်မြောက်နေ့တွင် NLD ရုံးချုပ်ကို လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်စီးနင်း ရှာဖွေလာခြင်းလည်း ဖြစ်သည်။
You may also like these stories:
အာဏာသိမ်းကောင်စီအနေဖြင့် လူထုကို အကြမ်းမဖက်ရန် CRPH တောင်းဆို
အကြမ်းဖက်ဖြိုခွင်းသူများ လူသားမျိုးနွယ်စုကို ချိုးဖောက်သည့် ပြစ်မှုဖြင့် အရေးယူနိုင်ဟု UN ပြော
ပြည်သူ့အုပ်ချုပ်မှုစနစ်ကို အမြန်ဆုံးပြန်လည်ရနိုင်မယ့် အနေအထားရှိပါတယ်