မြန်မာနိုင်ငံမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာပါက အင်ဒိုနီးရှားနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံသားတွေကို ကယ်ဆယ် ရွှေ့ပြောင်းပေးသွားမယ်လို့ အင်ဒိုနီးရှားသံအမတ်ကြီးက ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
Anadolu အေဂျင်စီထံပြောဆိုရာမှာ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Iza Fadri က ကယ်ဆယ် ရွှေ့ပြောင်းရေး အစီအစဉ်ဟာ
နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေထဲက တခုဖြစ်ကြောင်းနဲ့ အခုအထိတော့ နိုင်ငံသားတွေက ဘေးကင်းလုံခြုံတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
သံအမတ်ကြီး Fadri က “ဟုတ်ပါတယ်။ ဒီကယ်ဆယ်နေရာ ရွှေ့ပြောင်းရေး အစီအစဉ်က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်တွေနဲ့အညီပဲ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Teuku Faizasyah က နိုင်ငံသားတွေကို ရွှေ့ပြောင်းဖို့အတွက် ဆုံးဖြတ်ချက်ကို
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံရုံးကနေ ချမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ပြောခွင့်ရသူ Faizasyah က “အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ကောင်းမွန်တဲ့ အခြေအနေမှာ ရှိပါတယ်။ အင်ဒိုနီးရှားသံရုံးဟာ တွက်ချက် ခန့်မှန်းမှုတွေကို ထောက်ပံ့ပေးနိုင်စွမ်း ရှိတဲ့အပြင် လိုအပ်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ အကြံဉာဏ်ပြုမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ လက်ရှိ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ရှိနေပြီး အများစုဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ အထည်အလိပ် လုပ်ငန်းနဲ့ ရန်ကုန်မြို့က သင်္ဘောလုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံးကတော့ သူတို့နိုင်ငံသားတွေအနေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ နိုးနိုးကြားကြား ရှိကြဖို့၊ လုံခြုံရေး အခြေအနေတွေကို အနီးကပ် အာရုံစိုက်ကြဖို့၊ မလိုအပ်ဘဲ အိမ်အပြင်ထွက်တာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
ရန်ကုန်မြို့နဲ့ နိုင်ငံတဝန်းက နေရာတော်တော်များများက လမ်းမတွေထက်မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ သိန်းနဲ့ ချီတဲ့ ဆန္ဒပြသူတွေ ရောက်ရှိနေပြီး ဆန္ဒပြမှုတွေကနေ တဆင့် စစ်အုပ်ချုပ်ရေးအဆုံးသတ်ဖို့နဲ့ ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
တပ်မတော်ဟာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
မှ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး နာရီပိုင်းအကြာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလို့ တနှစ် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီးတဲ့နောက် လွှတ်တော်အသစ်ကို ခေါ်ယူမယ့်နေ့ မတိုင်မီ နာရီအနည်းငယ်အလိုမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ တပ်မတော်ကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာကြောင့် အာဏာကို လွှဲပြောင်းရယူခဲ့ရတာလို့ ပြောဆိုထားပါတယ်။
You may also like these stories:
ရွှေဂုံတိုင်က NLD ရုံးချုပ်ကို တပ်က ညဘက် ဝင်စီး
ပုဒ်မ ၁၄၄ ကြား နိုင်ငံအနှံ့ ဆန္ဒထွက်ပြကြ