မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ဝန်ထမ်း ၁၀၀ ကျော်သည် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ကာ တပ်မတော် အာဏာသိမ်းအစိုးရကို ဆန့်ကျင်သည့် အလုပ်မဆင်းသော CDM ကမ်ပိန်း (လူထုအာဏာ ဖီဆန် ရေး လှုပ်ရှားမှု) စတင်လိုက်သည်။
လတ်တလောတွင် ရန်ကုန်ရုံးခွဲမှ ဝန်ထမ်း ၈၀ နှင့် မန္တလေးရုံးခွဲမှ ဝန်ထမ်း၂၀ ဦးတို့ အပါအဝင် နေပြည်တော်မှ ဝန်ထမ်း အနည်းငယ်က စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ရန်ကုန်ရုံးခွဲမှ CDM လှုပ်ရှားသည့် ဗဟိုဘဏ်ဝန်ထမ်းတဦးဖြစ်သည့် မငြိမ်းငြိမ်း(အမည်လွှဲ) က ဧရာဝတီသို့ ပြောသည်။
“ကျမတို့လည်း ဒီစစ်အာဏာသိမ်းထားတဲ့ အစိုးရ လက်အောက်မှာ အလုပ် မလုပ်ချင်တော့တာ။ ဒီလုပ်ရပ်က လုံးဝ မတရားမှုကြီးပါ။ နောက်ပြီး ကိုယ်ကိုယ်တိုင်က ရုံးအေးဆေးတက်နေပြီး ကလေးတွေကျတော့ အပြင်ထွက် ဆန္ဒပြနေရ တာကို မမြင်ချင်တော့လို့ ဒီလှုပ်ရှားမှုကို စတင် လိုက်တာပါ” ဟု ၎င်းက ပြောဆိုသည်။
အခြား အစိုးရဝန်ထမ်းများကိုလည်း လက်ရှိ စစ်အာဏာရှင် အစိုးရလက်အောက်တွင် အလုပ် မလုပ်ကြရန်တိုက်တွန်းလိုပြီး ယခု CDM လှုပ်ရှားမှုတွင် ပါဝင်နေသော ဗဟိုဘဏ် ဝန်ထမ်းအားလုံးသည် ပြည်သူက ရွေးချယ်တင်မြှောက်ထားသော အစစ်အမှန် အစိုးရတရပ် ပြန်ဖြစ်လာမှသာ ရုံးပြန်တက်ရန် ဆုံးဖြတ်ထားကြကြောင်း သိရသည်။
ရန်ကုန်ရုံးခွဲမှ အငယ်တန်းဝန်ထမ်း မသူဇာ (အမည်လွှဲ) က “ကျမတို့ ရွေးချယ်ထားတဲ့ အစိုးရ၊ ပြည်သူတွေလိုချင်တဲ့ အစိုးရဖြစ်မှာ ကျမတို့ ရုံးပြန်တက်မှာ။ မတရား အာဏာသိမ်းထားတဲ့ ဒီအစိုးရကို နောက်ဆုံးအချိန်အထိ တိုက်ပွဲ ဝင်သွား မယ်” ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလောတွင် CDM လှုပ်ရှားမှု ပြုလုပ်သော ဝန်ထမ်းများကို ဗဟိုဘဏ်က အတင်းအကျပ် ရုံးဆင်းရန် ဖိအားပြော ဆိုခြင်းများ မရှိသေးသော်လည်း နောက်ပိုင်းတွင် အဆောင်များမှ ဖယ်ရှားခိုင်းခြင်းနှင့် လစာ မပေးသည့် ကိစ္စရပ်များ ဖြစ် ပေါ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
တပ်မတော်အာဏာသိမ်းအစိုးရသည် အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌကို အသစ် ပြောင်းလဲ ခန့်အပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ရွေးချယ်ခန့် အပ်ထားသော ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘို ဘိုငယ်နှင့် ကျန်ဒုဥက္ကဋ္ဌများကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းပြီး သီတင်းပတ် ၁ ပတ်ကျော်ကြာလာချိန်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၏ အစိုးရဝန်ထမ်းများသည် အလုပ်မဆင်းဘဲ အာဏာဖီဆန်သည့် လှုပ်ရှားမှုများသည် တဖြည်းဖြည်း အရှိန်မြင့်တက်လာလျက် ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အသီးသီးမှ အစိုးရဝန်ထမ်းများသည် အာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) ကို အရှိန်မြှင့်သည့်အနေဖြင့် ရုံးသွားရုံး ပြန်များတည်ရှိရာ လူစည်ကားသည့် မြို့မဈေး ၌ ဝန်ထမ်းအင်အား ၅၀၀ ခန့် စုပေါင်းပြီး “ရုံးမတက်နှင့် ရုန်းထွက်” ဟု ကြွေးကြော်ခဲ့ကြသည်။
ယခု လှုပ်ရှားမှုတွင် ရာထူးအကြီးဆုံးအဖြစ် ညွှန်မှူးအဆင့်အထိ ပါဝင်ခဲ့ပြီး ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ ပါဝင်နေ လျက် ရှိကြသည်။
You may also like these stories:
ပုဒ်မ ၁၄၄ ကြား နိုင်ငံအနှံ့ ဆန္ဒထွက်ပြကြ