သတင်း

စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များ ရှုတ်ချခံရ

Want create site? Find Free WordPress Themes and plugins.

လူထုမဲဆန္ဒဖြင့် ရွေးချယ်ထားသည့် အရပ်သားအစိုးရတဖွဲ့လုံးကို ဖမ်းဆီးကာ အာဏာသိမ်းယူခဲ့သည့် တပ်မတော်၏ လုပ်ရပ်အပေါ် နှုတ်ဆိတ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား ရှုတ်ချကြောင်း တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ သတင်းထောက်များ ကွန်ရက် (EPRN) က ထုတ်ပြန်ချက် တစောင် ထုတ်ကာ ပြောဆိုလိုက်သည်။

EPRN သည် ပြည်တွင်း၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးအတွက် တော်လှန်ရေးလုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြောင်း၊ တပ်မတော်နှင့် ထိုတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကြား ပဋိပက္ခများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစဉ်တစိုက်ရေးသားနေသည့် သတင်းထောက် များ စုဖွဲ့ထားသည့် ကွန်ရက်ဖြစ်သည်။

EPRN မှ ယနေ့ ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ထဲတွင် အာဏာသိမ်း စစ်အစိုးရ၏ လုပ်ရပ်အပေါ် နှုတ်ဆိတ် နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို ရှုတ်ချကြောင်း ပြောဆိုထားသည့် အပြင် အာဏာသိမ်းခြင်းကို ကန့်ကွက်ပါသည်ဟု ထုတ်ပြန်ကြေငြာခဲ့သော်လည်း စစ်အစိုးရကို အသိအမှတ်ပြုကြောင်း စာထုတ်ခဲ့သည့် အပစ်ရပ် ၁၀ ဖွဲ့၏ ရပ်တည်ချက်ကိုလည်း ဝေဖန်ထားသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းသည့်လုပ်ရပ်သည် တိုင်းရင်းသားလူမျိုးစု တစုချင်းသာမက တတိုင်းပြည်လုံး၏ အနာဂတ်ကို ချောက်ထဲကျမည့် အရေးဖြစ်သည်ဟုလည်း EPRN က ဆိုထားသည်။

“စစ်အစိုးရလက်အောက်တွင် တိုင်းရင်းသားများ မျှော်မှန်းသော စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် တည်ထောင်ရန်ဆိုသည်မှာ လုံးဝဖြစ်နိုင်ချေမရှိသည့်အခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် စစ်အာဏာရှင် ဖြုတ်ချရေးတွင် ပြည်သူများနှင့် တသားတည်းရပ်တည်မှုပြသရန် ပျက်ကွက်နေခြင်းများကို မိမိတို့အနေဖြင့် စိတ်ပျက်မိသည်” ဟုလည်း EPRN က ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် ၊ မနက် ၂ နာရီဝန်းကျင်မှ စ၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အားလုံးကို ဖမ်းဆီး အကျယ် ချုပ်ထားခြင်း၊ အကျဉ်းချခြင်း ပြုလုပ်ကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာများ ကို ရယူခဲ့သည်။

ထိုအပေါ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ကန့်ကွက်ကြောင်း ထုတ်ပြန်သော်လည်း စစ်အစိုးရနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။

အစိုးရနှင့် အပစ်ရပ်စာချုပ်ချုပ်ဆိုရန်၊ နိုင်ငံရေးဆွေးနွေးရန် ညှိနှိုင်းနေဆဲ အဖွဲ့များဖြစ်သည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) သည်လည်း တပ်မတော်၏ လုပ်ရပ်ကို နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA )၊ ရက္ခိုင်စစ်တပ် (AA) တို့ ပါဝင်ပြီး FPNCC တွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)၊ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)နှင့် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) တို့ ပါဝင်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading