တရုတ်အစိုးရအနေဖြင့် အာဏာသိမ်း တပ်မတော်အစိုးရကို ထောက်ပံ့မှုများ ရပ်တန့်ရေး ရန်ကုန်မြို့ရှိ တရုတ်သံရုံး ရှေ့၌ လူထုက ယနေ့ မနက်ပိုင်းတွင် ဆန္ဒပြတောင်းဆိုသည်။
တရုတ်သံရုံးအား ဆန္ဒပြမှုကို ယမန်နေ့ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် အင်အားပိုမိုများပြားလာကာ အိမ်နီးချင်း တနိုင်ငံအနေဖြင့် အာဏာသိမ်း တပ်မတော်အား ဖိအားပေးရန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့အပါ အဝင် ဖမ်းဆီးထားသူများအား အမြန်ဆုံး လွှတ်ပေးရန်၊၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များအား အသိအမှတ်ပြုရန် တောင်းဆိုသည်။
ဆန္ဒပြသူတဦးက “စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး တရုတ်က ဘာမှ ဝင်ပြောတာမျိုး သိပ်မရှိဘူး၊ မသိချင်ယောင် ဆောင်နေတဲ့ ပုံစံမျိုး ရှိတယ်။ ဒီလို စစ်အာဏာသိမ်းတာကို နိုင်ငံတကာက လက်မခံနိုင်တဲ့အကြောင်း ထုတ်ဖော် ပြော ကြားနေတာကို သူတို့အနေနဲ့လည်း အသိအမှတ်ပြုစေချင်တယ်။ အိမ်နီးချင်းနိုင်ငံအနေနဲ့ ဘာမှဝင်မပြောဘူး၊ ဘာမှ ဝင်မစွက်ဖက်ဘူး ဆိုတာ လက်မခံနိုင်လို့ ဆန္ဒပြတာပါ” ဟု ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် တပ်မတော်အာဏာသိမ်းသည့်အပေါ် နှုတ်ဆိတ်နေသကဲ့သို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ဆုံး ဖြတ်ချက် ချနိုင်ရေးအတွက်လည်း ရှရုနိုင်ငံနှင့်အတူ တပ်မတော်ဘက်က အကာအကွယ်ပေးနေသည်ဟု မြန်မာ လူထုက ရှုမြင်နေပြီး အာဏာသိမ်းနိုင်ရန် ကျောထောက်နောက်ခံပေးထားကြောင်းလည်း ဝေဖန်မှုများ မြင့်တက်နေသည်။
ဆန္ဒပြရာတွင် ပါဝင်သူ အမျိုးသမီးတဦးကလည်း “တရုတ်က မြန်မာစစ် အာဏာသိမ်းမှုကို ထောက်ပံ့တယ်လို့ သတင်း တွေလည်း ထွက်တယ်။ ဒီအတွက် သံရုံးရှေ့ ဆန္ဒလာပြတာပါ။ တရုတ်နိုင်ငံအနေနဲ့ လူမိုက်အားပေးတော့ မလုပ်ပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ နိုင်ငံတကာ သတင်းတွေကိုလည်း သေချာစောင့်ကြည့်ပြီးတော့ သူ့ကိုလည်း စောင့်ကြည့်နေပါ တယ်လို့” ဟု ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များ အတည်ပြု ကြေညာပြီးနောက် တပ်မတော် အာဏာမသိမ်းမီ အပိုင်းအခြားတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့ ရှေ့ဆင့်နောက်ဆင့်ပင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြသေးသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတကာ ဖိအားများနှင့် လူထုဆန့်ကျင်မှုများ ကြုံတွေ့ရချိန်တွင်လည်း တရုတ်နိုင်ငံမှ လေယာဉ် အချို့ မြန်မာနိုင်ငံတွင် ဆိုက်ရောက်လာခဲ့ပြီး အင်တာနက် ထိန်းချုပ်ရန် ကျွမ်းကျင်ပညာရှင်များနှင့် လက်နက်ပစ္စည်းများ ပေးပို့ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ အခုကတော့ ခိုးထုပ်ခိုးထည်နဲ့ မိသွားတာပေါ့။ ဒီလောက်ကြီးကျယ်တဲ့ ပြည်သူ့အရေးအခင်းကြီးဖြစ်ပြီး ပြည်သူ့အစိုးရခေါင်းဆောင်တွေ ဖမ်းဆီးခံနေရတဲ့ အခြေအနေအောက်မှာ လက်နက်တွေ ပို့လိုက်တယ်ဆိုတဲ့ဟာက အတော် ရာဇဝင်ရိုင်းတဲ့ကိစ္စပဲ။ အဲဒီကိစ္စကို ကျနော်တို့က စိတ်ထဲ၊ နှလုံးသားထဲမှာ သိမ်းဆည်း ပြီး နောင်ကို တရုတ်နဲ့ ပတ်သက်တဲ့ ပေါ်လစီတွေ စပ်လျဉ်းလာရင် ပြည်သူ့အစိုးရအနေနဲ့ ဒီကိစ္စတွေကို ထည့်သွင်း စဉ်းစား ရမယ်။ တရုတ်ရဲ့ ထောက်ခံမှုဆိုတာကို အားကိုးပြီးတော့ ဘယ်နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းမှ မလုပ်ဖို့ ကျနော်တို့အနေနဲ့ တောင်းဆိုသင့်တဲ့ အချိန်ဖြစ်ပါတယ်”ဟု သုံးသပ်သည်။
တရုတ်လေယာဉ်များ ဆိုက်ရောက်မှုနှင့် ပတ်သက်ပြီး တရုတ်သံရုံးဘက်က ပင်လယ်စာ ပို့ဆောင်သည့် လေယာဉ်များ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသည် မြန်မာပြည်တွင်းရေးတွင် ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်စွက်ဖက်နေရာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရ (မဆလ) လက်ထက်ကတည်းက ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့ကာ နယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်စေရန် ဖော်ဆောင်ပေးခြင်း၊ ၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းစဉ်ကလည်း နဝတအစိုးရအား ထောက်ခံခြင်းဖြင့် ပုံစံပြောင်း လဲ အကာအကွယ်ပေးခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရသည့်အခါ အပြေးအလွှားထောက်ခံခြင်း၊ NLD အား တပ်မတော်မှ အာဏာမအပ်သည့်အခါ နအဖအစိုးရကို ဆက်လက်ထောက်ခံပြီး ရခိုင်ပြည်နယ် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသယ်ယူခွင့် စသည့် အခွင့်အရေးများကို တောင်းယူခဲ့သည့် သာဓက များစွာ ရှိသည်။
၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းတွင် ပြောင်းလဲလာသည့် မြန်မာနိုင်ငံရေး အခြေအနေကို ကြည့်၍ နယ်စပ်ဒေသ တိုင်းရင်းသား လက်နက်ကိုင်များ အပေါ် သြဇာသက်ရောက်စေရန် ဆောင်ရွက်ရင်း ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများဖြစ်ခဲ့သည့် နောက်ကွယ်တွင် တရုတ်၏ လက်ရာများ ပါဝင်သည်ဟု ပြောဆိုမှုများ ရှိနေသည်။
ယခုတကြိမ် တပ်မတော်အာဏာသိမ်းမှုတွင်လည်း တရုတ်နိုင်ငံက ကျောထောက်နောက်ခံ မပေးရန် မြန်မာလူထုက တောင်းဆိုနေခြင်းဖြစ်သည်။
မြန်မာအရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာ၏ ဆောင်ရွက်မှုအနေဖြင့် မနက်ဖြန် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီတွင် စစ်အာဏာသိမ်းမှု အခြေအနေနှင့် စပ်လျဉ်း၍ အဖွဲ့ဝင် ၄၇ နိုင်ငံပါဝင်သည့် အထူးအစည်းအဝေးတရပ် ပြုလုပ်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ရုရှနိုင်ငံ တို့အနေဖြင့် မည်သို့ ရပ်တည်မည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ် သည်။
You may also like these stories:
မြန်မာ့စစ်အာဏာသိမ်းမှု ညွှန်ကြားသူများအပေါ် ဘိုင်ဒင် အရေးယူပိတ်ဆို့
တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ