အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားနေကြသည့် ပြည်သူများနှင့် ပူးပေါင်းလာသည့် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ကို လိုက်လံဖမ်းဆီးနေသည့်အတွက် လူထုက လုံခြုံရေး ပေးထားကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ် ကော်မတီ (ကယားပြည်နယ်) က ဆိုသည်။
“အခု အခြေအနေကတော့ လုံခြုံတဲ့နေရာမှာ သူတို့ကို ထားထားဆဲပါပဲ။ ကျနော်တို့ လူထုတွေ ထိန်းထားပေးတယ်ဗျ” ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ (ကယားပြည်နယ်) မှ တာဝန်ရှိသူတဦးက ပြောသည်။
ကယားပြည်နယ် လွိုင်ကော်မြို့တွင် လူထုနှင့်အတူ အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့သည့် ရဲတပ်ဖွဲ့ဝင်များသည် ယာယီရဲများသာ ဖြစ်ပြီး သန္ဓေရဲများ မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါ ရဲတပ်ဖွဲ့၏ ယူနီဖောင်း ဝတ်ဆင်ထားသူများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သန္ဓေရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံများ ၏ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေးအတွက် ဒေသအတွင်း၌သာ တာဝန်ထမ်းဆောင်စေရန် စုဖွဲ့ခန့်အပ်ထားသူများ သာ ဖြစ်ကြောင်းဟု တပ်မတော်က ထုတ်ပြန်သည်။
“ရဲတပ်ဖွဲ့တွေ အားလုံးက ကိုယ်ပိုင်နံပါတ်ရှိတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်က ကိုယ့်ဘာသာ ပြန်ကာတဲ့ အနေအ ထားမျိုး။ ဒီကိစ္စက ရဲအစစ်ဖြစ်ကြောင်း သူတို့ ကိုယ်ပိုင်နံပါတ်တွေ ကျနော်တို့ဆီမှာ ရှိတယ်။ ရဲဖြစ်တာလည်း မနည်းတော့ ဘူး။ ၄၊ ၅ နှစ် အနောက်ကျဆုံး အဲဒီလောက်အထိ ရှိနေပြီ။ အတု မဟုတ်ဘူး ဆိုတာကိုတော့ ကျနော် ပြန်ပြောချင်တယ်” ကယားပြည်နယ် လူထုလှုပ်ရှားမှု သပိတ် ကော်မတီဝင်က ဆိုသည်။
အဆိုပါ တပ်မတော် ထုတ်ပြန်ချက်နှင့် ပတ်သက်၍လည်း ဒေသခံ လူထုနှင့် ပူးပေါင်းလာသည့် ရဲ ၅၂ ဦး၏ ကိုယ်ပိုင်နံပါတ်၊ အမည်မှန်နှင့် အမှတ်စဉ်များကို ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သပိတ်ကော်မတီက တုံ့ပြန်ထားသည်။
Civil disobedience movement (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော် ရဲဝန်ထမ်း ၅၂ ဦးသည် ဖေဖော်ဝါရီလ ၁၀ ရက် တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် လူထုနှင့်အတူ ပူးပေါင်းပါဝင်လာခြင်း ဖြစ်သည်။
You may also like these stories:
ပုဒ်မ ၁၄၄ ကြား နိုင်ငံအနှံ့ ဆန္ဒထွက်ပြကြ
စစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့များ ရှုတ်ချခံရ