စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ အရှိန်မြင့်တက်နေစဉ် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးမှု များရှိသလို တဖက်၌လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထိပ်ပိုင်းခေါင်းဆောင်များကို ထပ်မံဖမ်း ဆီးမှုများ ပြုလုပ်လာသည်။
ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၄ နာရီခွဲ အချိန်ခန့်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို နေအိမ်ကနေ လာရောက် ခေါ်ဆောင်သွားသလို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်နှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့ကိုလည်း နေအိမ်မှ ခေါ်သွားကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးထံမှ သိရသည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းချိန် ဖမ်းဆီးထိန်းသိမ်းခဲ့သော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကိုလည်း ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပြီး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားပြီးနောက် ယမန် နေ့ည၌ ပြန်လည် ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့သည်။
ထိုကဲ့သို့ ဖမ်းဆီးမှုများနှင့် ပတ်သက်၍ ဦးကြည်တိုးက “တယောက်မှ မကျန်တော့ဘူး။ တရားမဲ့ ပြုကျင့်မှုပဲ။ ဒါကတော့ ရှင်းနေတာပဲ” ဟု ပြောသည်။
NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့ကိုလည်း ယမန်နေ့ညက ၎င်းတို့ နေထိုင် ရာ နေအိမ်များတွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
တရားစွဲခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် NLD နာယက ဦးဝင်းထိန်တို့ အတွက် ရှေ့နေလိုက်ပေးမည်ဟူသော သတင်းများကြောင့် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟု NLD ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “မနေ့က ညနေ ၄ နာရီခွဲလောက်ကနေစပြီး အရေးကြီးတဲ့ သူတွေ အကုန်လုံးကိုဖမ်းပြီး ညကလည်း တလျှောက်လုံး လိုက်ပြီးတော့ လူဖမ်းပွဲ လိုက်လုပ်နေတာ” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “အစကတည်းက ဥပဒေစကားကို ပြောပြီးတော့ ဥပဒေနဲ့မညီ တောက်လျှောက် လုပ်လာခဲ့တာ အခု ဥပဒေနဲ့မညီလုပ်တာ ဘာမှ မဆန်းတော့ဘူးလေ။ အခုက အစိုးရတရပ် အနေအထားနဲ့၊ အုပ်ချုပ်တဲ့သူတရပ်အနေနဲ့ စည်း နဲ့ကမ်းနဲ့ လုပ်နေတာ မဟုတ်တော့ဘဲနဲ့ အင်အားသုံးပြီးတော့ လုပ်ချင်သလိုလုပ်တဲ့ အနေအထားကို ရောက်နေပြီ” ဟု လည်း မှတ်ချက်ပြုသည်။
တဖက်တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသူများကို နေအိမ်တွင် လိုက်လံဖမ်းဆီးမှုများ၊ ဆန္ဒပြပွဲအတွင်း ဖမ်းဆီးမှုများ ရှိနေပြီး တချို့ကို ရဲခံဝန်ဖြင့် ပြန်လွှတ်ပေးသော်လည်း တချို့ကိုမူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် အမှုဖွင့်ထားသည်။
လက်ပံတန်းမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ တချို့၏ နေအိမ်များသို့ ယမန်နေ့ညက ဝင်ရောက်ရှာဖွေ ဖမ်း ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသူများမှာ ရှောင်နေသဖြင့် လက်ရှိအချိန်ထိ တဦးမျှ အဖမ်းမခံရသေးကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ကိုအောင်မင်းသန့်က ပြောသည်။
၎င်းက “ဘေးပတ်ဝန်းကျင် အိမ်တွေကနေ သတင်းပြန်ရတာပါ။ ကျနော့်ဆီကို လာတယ်။ ရဲရော၊ စစ်တပ်ရော အင်အား ၄၀ လောက် ရှိပါတယ်။ ၃ နာရီကျော်လောက်မှာ လာခေါ်တယ်။ ကျနော် အိမ်မှာမရှိဘူးလို့ ဘေးအိမ်က ပြောလိုက်ပါ တယ်။ သူတို့က ပြည်ထောင်စုနေ့အမီ ကျနော်တို့ကို ဆွဲစိချင်တဲ့သဘောရှိတယ်” ဟု ဆိုသည်။
၎င်းတို့အနေဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်လျက်ရှိပြီး အရပ်သားအစိုးရ အာဏာ ပြန်မရမချင်း ဆောင်ရွက်သွားမည်ဟု သံန္နိဋ္ဌာန် ချထားကြောင်းလည်း ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာ သိမ်းချိန်ကတည်းက ဖမ်းဆီးခံထားရသည့် ပြည်နယ်တိုင်း ဝန်ကြီးများနှင့် ဒီမိုကရေစီ အရေး တက်ကြွလှုပ်ရှားသူများ၏ သတင်းမှာလည်း ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်နေရာ မိသားစုဝင်များက စိုးရိမ် ပူပန်လျက် ရှိသည်။
ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်၏ မိသားစုဝင်တဦးက “ဖမ်းခေါ်သွားပြီးကတည်းက ဒီနေ့ထိ အိမ်ကို အဝတ်အစားနဲ့ သူ့ရဲ့ လိုအပ်ချက်ဆေးဝါးတွေ လာယူသွားတာအပြင် ဆက်သွယ် အကြောင်းကြားတာမျိုး မရှိပါဘူး။ အဖမ်းမခံရခင် ၆ ရက်လောက်မှာ သူ့အစာအိမ် မကောင်းလို့ အန်တာ သွေးပါ ပါပါတယ်။ ၁၀ ရက်မြောက်တဲ့နေ့အထိ ဘာသတင်း တစုံ တရာမှ မကြားရတဲ့အတွက် သူ့ကျန်းမာရေးကို အရမ်းစိတ်ပူပါတယ်” ဟု ပြောဆိုထားသည်။
ပြင်ဦးလွင်မြို့တွင်လည်း ယမန်နေ့ ညနေ ၆ နာရီခန့်၌ ဆန္ဒပြပွဲ နောက်တနေ့ အစီအစဉ်အတွက် ဆွေးနွေးနေသည့် လူငယ် ၇/၈ ဦးကို ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးသွားကြောင်း၊ ၎င်းတို့အား မည်သည့်ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားသည်ကို ယနေ့ နေ့လယ်ထိ မသိရသေးကြောင်း ဒေသခံတဦးက ပြောသည်။
တပ်မတော်မှ အာဏာသိမ်းစဉ်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမှုများကြောင့်ဟု ဆိုသော်လည်း ယခုအခါ NLD ရုံးများကို စီးနင်းခြင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ဝင်ရောက်ရှာဖွေကာ သက်ဆိုင်သူများကို ဖမ်းဆီးနေခြင်း၊ ပုဒ်မ ၁၄၄ ဖြင့် ညမထွက်ရအမိန့် ထုတ်ကာ ညအချိန် ဝင်ရောက်ဖမ်းဆီးခြင်းများသည် ၁၉၈၈ ခုနှစ်မှ အာဏာသိမ်းပြီးနောက် စစ်အစိုးရက ပြုလုပ်နေသည့် ပုံစံမျိုးများပင် ဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုများ ရှိနေသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထုက တပ်မတော် အနေဖြင့် ဖမ်းဆီးထားသူများအား အမြန်ဆုံး လွှတ်ပေးရေး တိုက်တွန်း တောင်းဆိုနေချိန် တပ်မတော်ဘက်က နေ့လူမစုရ၊ ညမထွက်ရ (ပုဒ်မ ၁၄၄) အမိန့်များ ထုတ် ပြန်ပြီးနောက်ပိုင်း ထိုကဲ့သို့ ဖမ်းဆီးမှုများ မြင့်တက်လာခြင်း ဖြစ်သည်။
You may also like these stories:
အနာဂတ်ကို ရဲရဲဝင့်ဝင့် ပြန်တောင်းနေကြတဲ့ Z မျိုးဆက်များ
စစ်တပ်ကို ထောက်ပံ့မှုများ ရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြ
ရိုဟင်ဂျာကတ် အာဏာသိမ်းကောင်စီ ထုတ်ကစား