တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် လေကြောင်းလိုင်းများ ပျံသန်းခွင့် ကန့်သတ်ခံနေရစဉ်မှာပင် ရန်ကုန်သို့ တရုတ်နိုင်ငံမှ လေယာဉ် ၁၀ စင်း ထက်မနည်း ရောက်လာသည့်အပေါ် မြန်မာပြည်သူများ သံသယဝင်နေကြသည်။
အဆိုပါ လေယာဉ်များသည် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်လေဆိပ်သို့ ဖေဖော်ဝါရီလ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ရောက်ရှိလာကြခြင်း ဖြစ်ပြီး ယင်းလေယာဉ်များပေါ်တွင် တရုတ်နည်းပညာသမားများ ပါဝင်လာကြောင်း၊ ၎င်းတို့သည် တပ်မတော် အစိုးရအတွက် Firewall များ တည်ဆောက်ရေး အကူအညီပေးရန် ရန်ကုန်သို့ လာရောက်ခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံရှိ တရုတ်သံရုံးဘက်ကမူ အဆိုပါလေယာဉ်များသည် တရုတ်နှင့်မြန်မာအကြားပုံမှန်ပြေးဆွဲနေသည့် ကုန်တင် လေယာဉ်များဖြစ်သည် ဟုပြောထားပြီး လေကြောင်းလိုင်း အမည်ကိုမူ ထုတ်ဖော်ပြောကြားထားခြင်း မရှိသော် လည်း Yan Naung Soe ဆိုသည့် လူမှုကွန်ရက် Facebook အကောင့်တွင်မူ အဆိုပါ လေယာဉ်များသည် MAI လေကြောင်း လိုင်းပိုင် လေယာဉ်များဖြစ်ပြီး တရုတ်နိုင်ငံမှ Firewall များ သယ်ဆောင်လာခြင်း မရှိကြောင်း ရှင်းလင်းထားပြန်သည်။
သို့သော် ယခုကဲ့သို့ နိုင်ငံရေးလှုပ်ရှားမှုများ ပြင်းထန်နေချိန် မည်သည့် ပစ္စည်းများ တင်ဆောင်လာသည်ကို မသိရသည့် အိမ်နီးချင်း တရုတ်မှ လေယာဉ်များနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်နေသည်။
မြန်မာနိုင်ငံမှ ဆိုက်ဘာနည်းပညာ ကျွမ်းကျင်သူတဦးက တရုတ်လေယာဉ်များနှင့်အတူ ရောက်လာသော Firewall များ သည် Huawei ကုမ္ပဏီ ထုတ်ပစ္စည်းများ ဖြစ်နိုင်ကြောင်း VOA မြန်မာပိုင်းသို့ ပြောကြားထားသော်လည်း အဆိုပါ Firewall များသည် Huawei ထုတ်ပစ္စည်းများ ဟုတ်၊ မဟုတ် ဆိုသည်မှာ တိကျသည့် သက်သေအထောက်အထား ထွက်ပေါ်လာ ခြင်း မရှိသေးပေ။
Firewall ဆိုသည်မှာ လက်ရှိ မြန်မာနိုင်ငံတွင် လူအများ အသုံးပြုနေသည့် အင်တာနက် လူမှုကွန်ရက်တွင် လူအများသည် မည်သည့် သတင်းအချက်အလက်များအား တဦးနှင့်တဦး မျှဝေနေသည်ကို ကာယကံရှင်ထံ အသိမပေးဘဲ အစိုးရက စောင့်ကြည့်နိုင်သည့် နည်းပညာ အထောက်အကူပြု ပစ္စည်းများ ဖြစ်သည်။
အာဏာသိမ်း တပ်မတော်က မြန်မာနိုင်ငံမှ နည်းပညာအသုံးပြုသူများကို ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်း အတည်ပြုပြီး ထောင်ကျနိုင်သည့် ပြစ်မှုများဖြင့် အရေးယူနိုင်ရန် ပြင်ဆင်နေစဉ်မှာပင် တရုတ်လေယာဉ်များ မြန်မာနိုင်ငံသို့ ရောက်လာ ခြင်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကမူ တရုတ်နိုင်ငံမှ လေယာဉ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်နည်းပညာ ဝန် ထမ်းများ ပို့ပေးထားသည်ဆိုသည့် သတင်းသည် မှန်ကန်မှု မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကုန်သည်ကြီးများ အသင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖေဖော်ဝါရီလ ၁၀ ရက်က ၎င်းတို့၏ Facebook စာမျက်နှာမှတဆင့် ကြေညာ ထားသည်။
အဆိုပါ လေယာဉ်များသည် တရုတ်- မြန်မာ နှစ်နိုင်ငံကြား ပျံသန်းသွားလာသည့် ပုံမှန်ကုန်တင် လေယာဉ်များ ဖြစ်ပြီး ပင်လယ်စာ ပို့ဆောင်ပေးခြင်းသာဖြစ်ကြောင်း၊ အင်တာနက်ပေါ်ရှိ ကောလဟလ သတင်းများကို မယုံကြည် မဖြန့်ဝေကြ ပါရန် ပန်ကြားပါကြောင်း တရုတ်သံရုံးက ကြေညာသည်။
သို့သော် ယုတ္တိတန်မှု မရှိခြင်းမှာ ပင်လယ်စာများအား မြန်မာပြည်မှသာ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် အတွက် ယင်းတရုတ်သံရုံး ကြေညာချက်ကြောင့် မြန်မာပြည်သူများက ပိုမိုသင်္ကာမကင်းဖြစ်နေသည်။
ထို့သို့ ကြေညာထားပြီး နောက်တနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ Facebook စာမျက်နှာကို ရှာဖွေ၍ မရတော့ သလို တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာလည်း လျော့မသွားဘဲ ပိုမိုများပြားလာနေသည်။ ရန်ကုန်မြို့ရှိ တရုတ် သံရုံးရှေ့တွင်လည်း တရုတ်အစိုးရက အာဏာသိမ်း တပ်မတော်အပေါ် ကူညီပေးနေမှုကို ဆန့်ကျင်ကြောင်း ဒီက နေ့ မနက်ပိုင်းမှာပင် လူတထောင်ကျော် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထို့ပြင် တရုတ်မှ တင်သွင်းသည့် ပစ္စည်းများကို မဝယ်ယူရန် မသုံးစွဲရန် လူထုကြားလှုံ့ဆော်မှုများလည်း ရှိလာသည်။
ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လက တရုတ်လေယာဉ်များ မြန်မာနိုင်ငံသို့ လာရောက် သည့် အချိန်သည် မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေ ပြဋ္ဌာန်းရန် ကြိုးပမ်းနေသည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း ၎င်းက ပြောသည်။
“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာကို နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ဆောင်ရွက်နေတာကို အထောက်အကူ ဖြစ်အောင် ဒီဟာက ဆောင်ရွက်နေပုံပေါ်တယ်လို့ ယူဆတယ်။ ဆိုက်ဘာဥပဒေနဲ့ ဆက်စပ်ကြည့်ရင် တော့ ဒီဟာက ပိုဆိုးလာမယ့် သဘောတော့ ရှိတယ်။ တရုတ်ရဲ့ ပုံစံကို ယူမယ့် သဘောတော့ ရှိတယ်” ဟု ၎င်းက ဆို သည်။
သို့သော်လည်း တရုတ်လေယာဉ်များသည် နည်းပညာသမားများအား ရန်ကုန်သို့ ပို့ဆောင်ပေးခြင်း ဟုတ်မဟုတ် ကိုမူ ၎င်း အနေနှင့် အသေးစိတ် မသိရှိသဖြင့် ဝေဖန်သုံးသပ်ရန် အခက်အခဲ ရှိကြောင်း ဒေါက်တာ အမ်ကောန်လက ပြောသည်။
You may also like these stories:
စစ်တပ်ကို ထောက်ပံ့မှုများ ရပ်တန့်ရေး တရုတ်သံရုံးရှေ့ ဆန္ဒပြ