သတင်း

စစ်ကောင်စီကို တရားစွဲရန် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားပြုကော်မတီ ပြင်ဆင်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ဥက္ကဋ္ဌများကို မတရားချုပ်နှောင်မှုဖြင့် အာဏာသိမ်း စစ် အစိုးရ၏ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၄၄ ဖြင့် တရားစွဲဆိုရန် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ (CRYH) က ပြင်ဆင်နေကြောင်း သိရသည်။

CRYH ၏ ကော်မတီဝင်တဦးဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် ရွေး ချယ်တင်မြှောက်ခံထားရသည့် နော်စူစန်နာလှလှစိုးက “အဓိကတော့ စစ်ကောင်စီပါ။ သူတို့ အမိန့်နဲ့ပဲ ဖမ်းဖမ်းသွားတာပါ။ တပ်မတော် အားလုံးကို ကျမတို့ မဆိုလိုဘူး။ ကျမတို့ ယုံကြည်တာ တပ်မတော် သားအားလုံးက သူတို့နဲ့ အတူတူ မဟုတ် ပါဘူး။ ဒါကြောင့် စစ်ကောင်စီကိုပဲ တရားစွဲဆိုမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဥပဒေပညာရှင်များဖြင့် တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း၊ တရားစွဲဆိုမှုကို ပြည်တွင်းတရားရုံးတွင် စတင် စွဲဆိုသွားမည်ဖြစ်ပြီး ပြည်ပတရားရုံးများ၌လည်း တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း သိရသော်လည်း မည်သည့် တရား ရုံးတွင် အမှုဖွင့်မည်ကိုမူ နော်စူစန်နာလှလှစိုးက အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

၎င်းက “၂၄ နာရီထက်ကျော်ပြီး အကြောင်းပြချက် တစုံတရာမရှိဘဲ ချုပ်ထားလို့ မရဘူး။ သူတို့က ဘာအပြစ်မှလည်း မကျူးလွန်ထားဘူး။ သူ့အစိုးရရဲ့ တာဝန်ကို ထမ်းဆောင်နေတာပဲ ရှိတယ်။ လုံးဝ မတရားတဲ့ ဖမ်းဆီးချုပ်နှောင်မှုဆိုတာ ကျမတို့က ပြောချင်ပါတယ်” ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် ဦးရဲမင်းဦး၊ ဒေါ်နီလာကျော်၊ ဦးနိုင်ငံလင်း၊ ဒေါ်မိုးမိုးစုကြည်၊ နော်ပန်းသဉ္ဇာမျိုး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒု-ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့ကို ဖေဖော်ဝါရီ ၁ရက်နေ့ ကတည်းက ဖမ်းဆီးထားခြင်း ဖြစ်သည်။

ယခုအခါ ဖမ်းဆီးချုပ်နှောင်ခံထားရသည်မှာ ၁၁ ရက်ရှိပြီ ဖြစ်သော်လည်း မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်နေ သလို မည်သည့်အတွက်ကြောင့် ဆက်လက် ဖမ်းချုပ်ထားသည်ကိုလည်း မိသားစုဝင်များအနေဖြင့် မသိရှိရသောကြောင့် CRYH က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပုဒ်မ ၃၄၄ ဖြင့် တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ပုဒ်မ ၃၄၄ သည် မည်သူကိုမဆို ၁၀ ရက် (သို့) ၁၀ ရက်ထက်ပို၍ မတရား ချုပ်နှောင်ထားလျှင် ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်သော ရာဇသတ်ကြီး ဥပဒေပုဒ်မတခု ဖြစ်သည်။

တပ်မတော်သည် ဖေဖော်ဝါရီ ၁ ရက်၊ နံနက် ၂ နာရီ ဝန်းကျင်မှစ၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းနှင့် ပြည် နယ်အသီးသီးမှ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌများကို ဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထူထောင်ပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး အာဏာ ၃ ရပ်စလုံးကို ကောင်စီ၏ လက်အောက်တွင် ထားရှိသွားမည်ဟုလည်း ကြေညာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တရားစီရင်ရေးကဏ္ဍကို ကောင် စီ၏ လက်အောက်တွင် ထားလိုက်ပြီ ဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ရာဇသတ်ကြီး ဥပဒေတို့မှာ တည် ဆဲ ဥပဒေများ ဖြစ်သဖြင့် ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း တရားစွဲဆိုပိုင်ခွင့် ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

“ဥပဒေက တည်ရှိနေတယ်။ ဥပဒေအရ တည်ထောင်ထားတဲ့ အဖွဲ့အစည်းတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ် ဆို တာတွေ ရှိတယ်။ မညီရင်တော့ တရားစွဲခွင့် ရှိတာပေါ့။ အောင်မြင်တာ မအောင်မြင်တာတော့ တပိုင်းပါ။ အခုကတော့ ဥပဒေ ရှိနေသေးတဲ့အတွက် တရားစွဲခွင့် ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တည်ဆဲဥပဒေ များကို လိုက်နာခြင်းမရှိဘဲ ပြည်ထောင်စုအစိုးရကို လက်နက်အားကိုးကာ ဖျက်သိမ်းသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေ၊ အခန်း ၆ ပါ ပြဌာန်းချက်များဖြင့် ငြိစွန်းနေကြောင်း ကြေညာထားပြီး CRPH အနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါ ပြစ်မှုဆိုင်ရာ ဥပဒေ၊ အခန်း ၆ ပါ ပြဋ္ဌာန်းချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တည်ထောင် ခန့်အပ်ထား သည့် ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့၊ ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကို ဖြစ်စေ လက်နက်ဖြင့် ဖြိုဖျက်ရန် အား ထုတ်ခြင်း၊ ပြင်ဆင်ခြင်း လုပ်ဆောင်ပါက နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုကြီးကို ကျူးလွန်ခြင်း ဖြစ်သည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားသည်။

You may also like these stories:

မသင်္ကာဖွယ်ရာ တရုတ်လေယာဉ်များ ရောက်လာမှုအပေါ် မြန်မာပြည်သူများ သံသယဝင်

အနာဂတ်ကို ရဲရဲဝင့်ဝင့် ပြန်တောင်းနေကြတဲ့ Z မျိုးဆက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading