အာဏာသိမ်း တပ်မတော်ကို ဆန့်ကျင် ဆန္ဒပြသူများအား အကြောင်းပြချက် မပေးဘဲ လိုက်လံဖမ်းဆီးလျက်ရှိကာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ ကွန်ဟိန်း၊ ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့တို့တွင် ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သည်။
ရှမ်းပြည်နယ် တောင်ပိုင်း နမ့်စန်မြို့၌ တပ်မတော် ဆန့်ကျင်သည့် ဆန္ဒပြပွဲတွင် ပါဝင်သူ NLD ပါတီဝင်၂ ဦးကို တပ်မတော် (လေ) မှ စစ်သည်များက လက်နက် အပြည့်အစုံဖြင့် ယနေ့ ညနေက လာရောက် ဖမ်းဆီးသွားကြောင်း အဖမ်းခံရသူများ ၏ မိသားစုဝင်များထံက သိရသည်။
ဖမ်းဆီးခံရသူမှာ NLD ပါတီဝင် ဦးကိုကိုထွေးဖြစ်ပြီး မည်သည့် အကြောင်းပြချက် မပါဘဲ တပ်မတော်မှ လာရောက် ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း ဦးကိုကိုထွေး၏ ဇနီးဖြစ်သူ ဒေါ်ခင်စောလွင်က ဧရာဝတီသို့ ပြောသည်။
“သူတို့ ဘာအကြောင်းပြချက်မှ မပေးဘဲနဲ့ အတင်း ဆွဲလားရမ်းလားနဲ့ ဖမ်းသွားတာလေ။ ဘာအကြောင်းပြချက်မှ သူတို့ ပေးမသွားဘူးရှင့်။ သူတို့ဘက်ကနေ ဥပဒေမဲ့ လုပ်သွားတယ်လို့ပဲ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဦးကိုကိုထွေးအတွက် မိသားစုဝင်များက အဝတ်အစားနှင့် ဆေးဝါးများပင် ထည့်မပေးလိုက်နိုင်ကြောင်း ဒေါ်ခင် စောလွင်က ပြောပြသည်။
ဦးကိုကိုထွေးနှင့်အတူ နမ့်စန်မြို့မှ NLD ပါတီဝင် ဦးမင်းဦး ကိုလည်း တပ်မတော်ဘက်က ဖမ်းဆီးသွားခဲ့ကြောင်း၊ အရပ် သားတဦးဖြစ်သူ ဦးဝင်းလှိုင်ကို တပ်မတော်ဘက်က မေးစရာရှိသည် ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့သော်လည်း လက်ရှိအချိန်တွင် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ဦးကိုကိုထွေး၏ မိသားစုက ပြောသည်။
ထို့အတူ ရှမ်းပြည်နယ် တောင်ပိုင်း ကွမ်ဟိန်းမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထွက်ပြသည့် ရှမ်းအမျိုးသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ပုဒ်မ၂၅ ဖြင့် အမှုဖွင့်လိုက်ကြောင်း သတင်း ရရှိသည်။
ရွေးကောက်ခံ အရပ်သား အစိုးရတဖွဲ့လုံးကို ဖမ်းဆီးချုပ်နှောင်ကာ အာဏာသိမ်းခဲ့သည့် စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက် ကြောင်း ကွမ်ဟိန်းမြို့နယ်အတွင်း ဒေသခံ ၁၅၀ ခန့်က ၃ ရက်ဆက်တိုက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီးနောက် အဆိုပါ ရှမ်းအမျိုးသား ၃ ဦး ကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက်နေ့လယ်ပိုင်းတွင် နေအိမ်များ၌ လိုက်လံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူ ၃ ဦးအနက် ၁ ဦးသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကွမ်ဟိန်းမြို့နယ်၏ အလုပ် အမှုဆောင်အဖွဲ့ဝင်တဦး ဖြစ်သည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ၊ ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး က “သူတို့က ပါတီကိုယ်စားပြုပြီး ဆန္ဒပြတာ မဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ ဆန္ဒပြကြတာပါ။ ကျနော်တို့ကတော့ ရပ်မိ ရပ်ဖတွေနဲ့ အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်သွားပါမယ်။ သူတို့ ဆန္ဒပြတာ ၃ ရက်ပါ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြတာပါ။ ဘယ်သူ့ကိုမှလည်း မထိခိုက်ပါဘူး” ဟု ပြောသည်။
ကွမ်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် လူစုလူဝေး ပြုလုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ ပုဒ်မ၂၅ ဖြင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ပုဒ်မ၂၅ အရ ပြစ်မှုထင်ရှားကြောင်း တရားရုံးမှ ဆုံးဖြတ်ပါက ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် ချမှတ်နိုင်သည်။
ထို့အတူ ခိုလန်မြို့မှ NLD ပါတီဝန်းရံသူ ကိုသံချောင်းနှင့် ကိုကုလားကြီးတို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူထု အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ဆောင်ရွက်နေသည့် ခိုလန် ကုတင် ၁၀၀ ဆေးရုံမှ ဆရာဝန်နှင့် သူနာပြု ၄၀ ကို လည်း ဆေးရုံအပြင် ထွက်ခွင့် မပြုဘဲ တပ်မတော်က ထိန်းသိမ်းထားသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင်လည်း CDM လှုပ်ရှားမှုတွင် ပါဝင်သူ ၁၄ ဦးကို ရဲတပ်ဖွဲက ဖမ်းဆီးထားကြောင်း အဖမ်းခံရ သူများအရေး လိုက်ပါဆောင်ရွက်ပေးနေသူ တဦးက ပြောကြားသည်။
“ရဲစခန်းအချုပ်မှာ သွားကြည့်တဲ့အခါကျတော့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်က ၃ ယောက် တွေ့တယ်။ မြို့နယ် တရားရုံးမှာ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ တရားလိုလုပ် စွဲဆိုတဲ့ အမှုမှာတော့ ၇ ယောက်လို့ ဖော်ပြထားတယ်။ စုစုပေါင်း တော့ ၁၀ ယောက်ပဲ ရှိတယ်။ ၄ ယောက်ကတော့ မတွေ့သေးဘူး။ ဖမ်းထားတာလား ဘယ်မှာလဲ မသိသေးဘူး” ဟု ၎င်း က ဆိုသည်။
အဖမ်းခံရသူများထဲတွင် နဝမတန်းနှင့် ဒသမတန်း ကျောင်းသားများလည်း ပါဝင်ပြီး အခြေခံပညာ ဆရာမများအပြင် အရပ် သားများလည်း ပါဝင်နေကြောင်း သိရသည်။
ဘားအံမြို့တွင် ဖမ်းဆီးခံရသူများထဲမှ ၅ ဦးကို ယနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ပြီဟု သိရသော်လည်း အများစုမှာ အဖမ်းခံနေရဆဲ ဖြစ်သည့်အတွက် လူထုက ဘားအံတရားရုံးရှေ့တွင် ထိုင်သပိတ်ဆင်နွှဲက ဖမ်းဆီးခံများပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။
ထို့အတူ မြဝတီမြို့တွင်လည်း ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသောကြောင့် လူထုက မြဝတီခရိုင်ရဲတပ်ဖွဲ့ရုံး ရှေ့ တွင် ဖယောင်းတိုင်မီးများကိုင်ကာ ဖမ်းဆီးခံရသူများ ပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုလျက်ရှိသည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ထပ်မံထိန်းသိမ်း၊ ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌများလည်း အဖမ်းခံရ