နိုင်ငံ့ ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်ဝင်ရန် အာဏာသိမ်းခေါင်းဆောင်ပြော
လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း မရှိသည့် အစိုးရ ဝန်ထမ်းများအနေဖြင့် စိတ်ခံစားချက်ကို ဦးစားမပေးဘဲ လုပ်ငန်း ခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “လုပ်ငန်းခွင်နဲ့ ကင်းကွာနေကြတဲ့ နိုင်ငံ့ဝန်ထမ်းများ အနေနဲ့လည်း မိမိတို့ရဲ့ စိတ်ခံစားချက်များကို ဦးစားမပေးဘဲ နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုးကို ဦးစားပေးပြီး မိမိတို့ ရဲ့လုပ်ငန်းခွင်များကို အမြန်ဆုံး ဝင်ရောက်သွားကြဖို့ မေတ္တာရပ်ခံလိုပါ တယ်” ဟု ပြောဆိုသည်။
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်၏အခြေအနေအရပ်ရပ်အား ပြည်သူလူထုသို့ ပြောကြားသည့် မိန့်ခွန်းဟု ဆိုကာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများသည် မသမာသူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် လုပ်ငန်းခွင်များကို ပျက်ကွက်နေပြီး နိုင်ငံနှင့် ပြည်သူ လူထုအပေါ် စေတနာထား၊ တန်ဖိုးထားပြီး လုပ်ငန်းခွင် အခက်အခဲကြားမှ တာဝန်ထမ်းဆောင်နေသူများကို မသမာသူများ က နှောင့်ယှက် တားဆီးနေကြောင်းလည်း ၎င်း၏ ပြောကြားချက်များတွင် စွပ်စွဲပြောဆိုထားသည်။
ထိုသို့ ပြောဆိုသော်လည်း ပြည်နယ်နှင့် တိုင်း အချို့တွင် Civil Disobedient Movement တွင် ပါဝင်နေသည့် ဝန်ထမ်းအချို့ကို ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များက ညသန်းခေါင်ယံအချိန်တွင် NLD ပါတီမှ တာဝန်ရှိသူတချို့၊ ရွေးကော်အဖွဲ့ ဝင်များကို ဝင်ရောက်ဖမ်းဆီးခြင်း၊ ဆန္ဒပြသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား လာ ရောက်ခေါ်ဆောင် ဖမ်းဆီးခြင်း ဖြစ်စဉ်များ ရှိနေသည်။
You may also like these stories:
NLD ထိပ်ပိုင်းခေါင်းဆောင်များကို ထပ်မံဖမ်းဆီးမှုများ ရှိလာ
ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ထပ်မံထိန်းသိမ်း၊ ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌများလည်း အဖမ်းခံရ