သတင်း

မဲရလဒ်ပြောင်းရေး ဖိအားပေးရန် ရွေး/ကော် ဥက္ကဋ္ဌများကို ဖမ်းဆီးဟု သံသယရှိ

Want create site? Find Free WordPress Themes and plugins.

မဲစာရင်းအမှား အကြောင်းပြကာ တည်ဆဲအစိုးရထံက အာဏာသိမ်းထားသည့် တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများအား ဖမ်းဆီးပြီးနောက် မဲရလဒ်ပြောင်းလဲရေး အတင်းအကြပ် ဖိအားပေးမည်ကို သံသယရှိကြောင်း ကာ ယကံရှင်များနှင့် ၎င်းတို့၏မိသားစုဝင်များက ပြောသည်။

ပြီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထပ်မံအပြတ်အသတ် အနိုင် ရပြီး အစိုးရဖွဲ့ခွင့်ရှိရာတွင် တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရ ခေါင်းဆောင်များနှင့် NLD ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများကိုလည်း ဖမ်းဆီးထားသည်။

NLD ပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က “ပထမဆုံး စပြီး အာဏာသိမ်းဖို့ လုပ်တဲ့အခါကျတော့ မဲမသမာ မှုတွေ ရှိနိုင်ပါတယ် ဆိုပြီး စလုပ်တယ်။ လုပ်တဲ့အခါမှာလည်း အခြေခံဥပဒေနဲ့ ညီသယောင်ယောင် ပါးစပ်က ပြောပေမယ့် ဘယ်လိုမှ မကိုက်ညီတဲ့နည်းနဲ့ အာဏာကို ရအောင် သိမ်းခဲ့တယ်။ နောက်ပြီးတော့ NLD ရုံးတွေကို လိုက်ပြီး စီးပြန်တယ်။ အခုတခါကျ ပြည်ထောင်စု ရွေးကောက်ပွဲ ကောက်မရှင် အပါအဝင် ကော်မရှင်တွေကို လိုက်ဖမ်းဆီးပြီး ဖိအားပေးပြီးတော့ မမှန်သတင်းတွေ ရရှိဖို့နဲ့ မမှန်တဲ့ ထွက်ဆိုချက်တွေ ရရှိဖို့ လုပ်နေပြန်ပြီ” ဟု ပြောသည်။

တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယမန်နေ့ ညပိုင်းတွင်း တိုင်းနှင့် ပြည်နယ်များမှ ကောက်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများ အား နေအိမ်များတွင် လိုက်လံ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး ရန်ကုန်တိုင်းမှ တိုင်းနှင့် ခရိုင်အဆင့် ကော်မရှင် ဥက္ကဋ္ဌ များအနေဖြင့် စစ်ရုံးသို့ လည်းကောင်း၊ မြို့နယ်အဆင့်များ အနေဖြင့် တိုင်းအစိုးရအဖွဲ့ရုံးသို့လည်းကောင်း ယနေ့ အရောက် လာရန် ခေါ်ဆောင်ထားသည်ဟု သိရသည်။

ကော့မှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်အောင်က “တခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ ညဘက် လိုက်ဖမ်းခေါ်တယ်၊ ရန်ကုန်ကျတော့ ဘာလို့လဲ မသိဘူး။ နောက်ပြီး နေရာခွဲခြားပြီး ခေါ်ထားတာ၊ သွားသင့်၊ မသင့်တော့ စဉ်းစားနေကြတယ်။ အားလုံးစုပြီးမှ ဖမ်းထားရင် ဘယ်လိုလုပ်မလဲပေါ့၊ ဒီလိုခေါ်တာက ဖိအားပေးဖို့အတွက်လို့ပဲ ထင်မိ တယ်”ဟု ပြောသည်။

ပျဉ်းမနားမြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းရွှေအနေဖြင့်လည်း ယမန့်နေ့ည ၁၂ ခန့်တွင် နေအိမ်မှ တပ်အင်အားဖြင့် လာရောက်ခေါ်ဆောင်ပြီးနောက် တပ်ရင်း ၈၅ ထဲတွင် ရောက်ရှိနေကြောင်း သိရပြီး ဖခင်ဖြစ်သူအား စိတ်မချ၍ အဖော် ထည့်ပေးလိုက်သည့် ခင်ပွန်း အပါအဝင်၂ ဦး လုံးအား ယခုအချိန် ပြန်လည်ပို့ဆောင်ခြင်း မရှိသေးသလို အဆက်အသွယ် လည်း မရသေးကြောင်း သမီးဖြစ်သူ မစန္ဒာသိန်းရွေက မွန်းလွဲ၂ နာရီခန့်က ပြောသည်။

မစန္ဒသိန်းရွှေက “သူတို့က ရွေးကောက်ပွဲ ရလဒ်ကို ပြန်ပြောင်းချင်နေတာပေါ့။ ဒါကြောင့်လဲ ကော်မရှင် ဥက္ကဋ္ဌတွေကို သူ တို့ ပြောင်းထားတဲ့ မဲရလဒ်တွေကို အတင်းအဓမ္မ ခြိမ်းခြောက်ပြီးတော့မှ လက်မှတ်ထိုးပြီးတော့ လုပ်မယ်လို့ ထင်တာပဲ။ တာဝန်ပေးတာကို မှန်မှန်ကန်ကန်နဲ့ လုပ်လာပြီးတော့မှ လာပြီးတော့ တရားခံတယောက်လို လာဖမ်းတာ၊ မိသားစုတွေကို ပါ သေနတ်နဲ့ ချိန်တာတွေ မလုပ်သင့်တဲ့ လုပ်ရပ်တွေပါ၊ ခံလည်း ခံပြင်းမိတယ်” ဟု ပြောသည်။

ယင်းပြင် ဝန်ထမ်းတဦး ဖြစ်သော်လည်း ပြည်သူများမှ မှန်မှန်ကန်ကန် ရွေးချယ်ထားသည့် အစိုးရနှင့် ဖခင်ဖြစ်သူတို့အပေါ် ယခုကဲ့သို့ လုပ်ဆောင်နေသည့်အတွက် လက်ပိုက်ကြည့်နေတော့မည် မဟုတ်ဘဲ လုပ်သင့်တာကို ဆက်လုပ်တော့မည် ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု အပါအဝင် ကျောက်ဖြူခရိုင် ကော်မရှင် ဥက္ကဋ္ဌနှင့် ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွမြို့နယ် တို့မှ ကော်မရှင် ဥက္ကဋ္ဌ တို့ကိုလည်း ယမန်နေ့ည ၁၀ ခန့်က တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က လာရောက် ဖမ်းဆီးသွားကြောင်း သိရ သည်။

You may also like these stories:

NLD ထိပ်ပိုင်းခေါင်းဆောင်များကို ထပ်မံဖမ်းဆီးမှုများ ရှိလာ

ပြည်သူနှင့် ပူးပေါင်းသည့် ကယားပြည်နယ်ရဲများကို လူထုက လုံခြုံရေး ပေးထား

ရခိုင်ဝန်ကြီးချုပ် ဦးညီပုကို ထပ်မံထိန်းသိမ်း၊ ရွေး/ကော်အဖွဲ့ခွဲ ဥက္ကဋ္ဌများလည်း အဖမ်းခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading