ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မြန်မာစစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ယနေ့ကျင်းပမည့် အထူးအ စည်းအဝေးတွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အနေဖြင့် အာဏာသိမ်းစစ်တပ်အား ကာကွယ်မပေးဖို့ ထောင်နှင့်ချီ သည့် လူထုက ရန်ကုန်မြို့ရှိ တရုတ်သံရုံးနှင့် ရုရှားသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။
စစ်အာဏာသိမ်းမှုတွင် တရုတ်နှင့် ရုရှားတို့မှ နောက်ကွယ်မှ ကျောထောက်နောက်ခံပေးထားကြောင်း မြန်မာလူ ထုက ရှုမြင်နေပြီး ၎င်းတို့ နှုတ်ဆိတ်နေမှုကိုလည်း ကန့်ကွက်ကာ လူထုရွေးချယ်တင် မြှောက်ထားသည့် အစိုးရ အား အသိအမှတ်ပြုပေးရန်နှင့် အာဏာသိမ်စစ်တပ်ကိုလည်း ထောက်ပံ့ပေးမှုတွေ ဆက်မလုပ်ရန် တောင်းဆိုခဲ့ ကြသည်။
ရုရှားသံရုံးရှေ့ ဆန္ဒပြသူတဦးက “စစ်တပ်ကို ရုရှားနဲ့ တရုတ် ထောက်ပံ့နေလို့ ကျနော်တို့တွေ အခုလိုဖြစ်နေရ တာလို့ ယုံကြည်ထားပါတယ်။ အာဏာသိမ်းတဲ့စစ်တပ်ကို ထောက်ပံ့နေတာတွေကို ဒီနေ့ကစပြီး ရပ်လိုက်ပါတော့ လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
တရုတ်သံရုံးရှေ့ဆန္ဒပြသူ အမျိုးသမီးတဦးကလည်း “မြန်မာနိုင်ငံမှာ ဒီလိုဖြစ်နေတဲ့အချိန်မှာ နိုင်ငံတကာကလည်း ဖိအားပေးနေတဲ့ အချိန်မှာ တရုတ်နိုင်ငံအနေနဲ့ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက်ကို ပြောနေတာ မကျေနပ်လို့ ဆန္ဒလာပြတာပါ။ ကုလသမဂ္ဂမှာ တရုတ်နဲ့ရုရှားသာ မကန့်ကွက်ဘူးဆိုရင် ကျမတို့မြန်မာနိုင်ငံဟာ ပိုမို ကောင်းမွန်တဲ့ အခြေအနေကို ရောက်လာနိုင်ပါတယ်” ဟု ပြောခဲ့သည်။
တရုတ်နှင့် ရုရှားနိုင်ငံအနေဖြင့် တပ်မတော်အပေါ် ပံ့ပိုးနေကြောင့် ရှုမြင်နေသည့်အတွက် ၎င်းတို့သံရုံးရှေ့ ဆန္ဒပြ မှုများ တနေ့ထက်တနေ့ မြင့်တက်လာလျှက်ရှိသည့်အပြင် တရုတ်နိုင်ငံမှ ပစ္စည်းများ မသုံးစွဲကြရန်နှင့် တရုတ်စီမံ ကိန်းလုပ်ငန်းများရှိ အလုပ်သမားများအနေဖြင့် အလုပ်မဆင်းဘဲ သပိတ်မှောက်ကြရန် တိုက်တွန်းမှုများလည်း ရှိ နေသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာမသိမ်းမီကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားကာကွယ်ရေးဝန်ကြီးတို့ သည် မြန်မာနိုင်ငံသို့ လာရောက်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြပြီး ရုရှားနိုင်ငံက စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရန် သဘောတူညီခဲ့သေးသည်။
အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်နိုင်ငံမှ လေယာဉ် ၅ စင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက် ခဲ့ပြီး လူထုဆက်သွယ်ရေးများ ထိန်းချုပ်ရန် ကျွမ်းကျင်သူများနှင့်ပစ္စည်းများ၊ လက်နက်ပစ္စည်းများ တင်ဆောင် လာကြောင်း ဝေဖန်မှုများ ပျံ့နှံ့လျှက်ရှိနေသည်။
တရုတ်သံရုံးအနေနဲ့ကတော့ အဆိုပါလေယာဉ်များသည် ပင်လယ်စာများ သယ်ဆောင်ပို့ပေးခြင်းသာဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြန်လည်ဖြေရှင်းထားသည်ကိုတွေ့ရသည်။
အဆိုပါ သတင်းများနှင့် ဆက်စပ်ပြီး လူမှုကွန်ယက်စာမျက်နှာများတွင်း စစ်အာဏာသိမ်းအစိုးရမှ အင်တာနက် ကွန်ယက် ပိတ်ပစ်ခဲ့ပါက တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအား ဖျက်စီးပိတ်ဆို့ရန် တန်ပြန်လှုံ့ဆော်မှု များလည်း တွေ့လာရသည်။
မြန်မာနိုင်ငံ အရေးနှင့် ပတ်သက်၍ ယနေ့ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်း အဝေးတွင်လည်း တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အနေဖြင့် မည်သို့ရပ်တည်မည်ကိုလည်း လူအများက စိတ်ဝင်စား စောင့်ကြည့်လျှက်ရှိသည်။
စစ်အာဏာသိမ်း ဆန့်ကျင်နေသည့် လူထုအနေဖြင့် ရန်ကုန်မြို့ရှိ UN ရုံးအပါအဝင် သံရုံးအသီးသီးရှေ့တွင်လည်း စစ်အာဏာရှင် ဖြုတ်ချရေး ပြည်သူလူထုနှင့်အတူ ရပ်တည်ပေးဖို့ ဆန္ဒဖော်ထုတ် တောင်းဆိုလျှက်ရှိသည်။
ယနေ့ စစ်အာဏာသိမ်းမှု ၁၂ ရက်မြောက်ရှိလာချိန်တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကာ ခြိမ်းခြောက်ဖမ်းဆီးမှုများ ပြု လုပ်လျှက်ရှိသော်လည်း ဆန့်ကျင်ဆန္ဒပြသည် လူထုမှာ လျော့ကျခြင်းမရှိဘဲ ဆန္ဒပြမှုများ နိုင်ငံအနှံ့ဆက်လက်မြှင့် တက်လျှက်ရှိပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် နေပြည်တော်တွင် အမျိုးသမီးငယ်တဦး သေဆုံးခဲ့ရလို နေပြည်တော်၊ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် ဒဏ်ရာရသူများလည်း ရှိနေသည်။
You may also like these stories:
လွတ်ငြိမ်းချမ်းသာခွင့်၌ မျိုးချစ်ဆိုသူများပါ လွတ်မြောက်
ဆိုက်ဘာလုံခြုံရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း၂၀၀ ကျော် ကန့်ကွက် ရှုတ်ချ