ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် ဒီကနေ့ (ဖေဖော်ဝါရီ လ ၁၂ ရက်) ပြုလုပ်သည့် မြန်မာနိုင်ငံအရေး အထူးအစည်း အဝေးတွင် အာဏာသိမ်းမြန်မာစစ်တပ်ကို နိုင်ငံအများအပြားက ဝေဖန်ပြစ်ရှုတ်ချလိုက်သည်။
အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဒိန်းမတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပ နိုင်ငံအများစုက နိုဝင်ဘာ ၈ ရက်ရွေး ကောက်ပွဲ ရလဒ်ကို ပစ်ပယ်ပြီး အာဏာသိမ်းလိုက်သည့် မြန်မာစစ်တပ်၏ လုပ်ရပ်ကို အပြင်းအထန် ဝေဖန်ရှုတ်ချ ကြခြင်းဖြစ်သည်။
အာဏာသိမ်း တပ်မတော်က ဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာကိုယ်စားလှယ် ဖြစ်သူ ဦးမြင့်သူက မြန်မာနိုင်ငံသည် လက်ရှိကာလတွင် အလွန်ရှုပ်ထွေးသည့် စိန်ခေါ်မှုများနှင့် အသွင် ကူးပြောင်းမှုတခုကို ကြုံတွေ့နေရကြောင်း၊ နိုင်ငံတကာ၏ ပိုမိုနားလည်မှုများကို ရရှိပြီး ရှေ့ဆက်နိုင်ရန် မျှော်လင့်ကြောင်း အစည်းအဝေးတွင်ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ပြီး လူတိုင်းကိုဗစ်ကာကွယ်ဆေးရရှိနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဟုလည်း ၎င်းက ဆိုသည်။
ဦးမြင့်သူ က “မြန်မာဟာ ကုလသမဂ္ဂနဲ့ပူးပေါင်းပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စဉ်ဆက်မပြတ် တိုးတက်ရေး စတဲ့ ကောင်းကျိုးတွေ လူထုရရှိစေဖို့ ပူးပေါင်းသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒိန်းမတ်နိုင်ငံ ကိုယ်စားလှယ်ကမူ ဒိန်းမတ်နိုင်ငံအနေနှင့် အာဏာသိမ်း တရားမဝင်အစိုးရ၏ လုပ်ဆောင်မှုမှန်သမျှကို သံသယရှိကြောင်း ပြောကြားသည်။
“အဲဒီကောင်စီဟာ အခုတော့ ပိုမိုဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေး၊ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ကန့်သတ်မှုတွေ လုပ်ဆောင် နေပါတယ်။ ဒါတောင်မှ သူတို့ဟာ လူသားချင်းစာနာမှုအထောက်အပံ့တွေကို တောင်းခံနေပါသေးတယ်” ဟု ပြောကြားသည်။
ဒိန်းမတ်အနေနှင့် မြန်မာအရပ်ဘက်အဖွဲ့အစည်းများကို ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည် ဖြစ်ကြောင်းပြောသည်။
အမေရိကန်နှင့် ဗြိတိန်နိုင်ငံကိုယ်စားလှယ်များကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ အပါအဝင် မတရားဖမ်းဆီးခံထားရသူများကို ချက်ချင်း ပြန်လွှတ်ပေးရန် ပြောကြားခဲ့ပြီး မြန်မာစစ်ကောင်စီအနေနှင့် အာဏာကိုစွန့်လွှတ်ကာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားနှင့် တရုတ်နိုင်ငံ ကိုယ်စားလှယ်များကမူ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာကို နိုင်ငံတကာက လေးစားသင့်ကြောင်းပြောကြားသည်။
တရုတ်ကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း မတူကွဲပြားမှုများကို တည်ဆဲဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသင့်ပြီး မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းရှိ အစ္စလာမ်နိုင်ငံအများစုကမူ မြန်မာနိုင်ငံတွင် အာဏာသိမ်းလိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာရောက်ရှိနေသော ရိုဟင်ဂျာများ ပြန်လည်လက်ခံရေးကိစ္စ မရေမရာ ဖြစ်သွားမည်ကို စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့ပြီး အစ္စရေးနိုင်ငံနှင့် တူရကီနိုင်ငံတို့ကသာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည်ဟု ပြောဆိုခဲ့သည်။
You may also like these stories:
ပုသိမ်မြို့ဆန္ဒပြပွဲဦးဆောင်သူ၂ ဦး ဖမ်းဆီးခံရ
မော်လမြိုင် ဆန္ဒပြကျောင်းသားများ ပစ်ခတ်ဖြိုခွင်းခံရ၊ ထိခိုက်ဒဏ်ရာများရှိ