စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများတွင် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များ ထပ်မံ ပူးပေါင်းလာပြီး ၎င်းတို့ကို ပြည်သူလူထုက ကာကွယ် စောင့်ရှောက်ထားကြောင်း သိရသည်။
ယနေ့တွင် ရဲဝန်ထမ်း ၆ ဦးနှင့် ယာဉ်ထိန်းရဲ ၁ ဦး အပါအဝင် ၇ ဦး ထပ်မံ ပူးပေါင်းလာခြင်း ဖြစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ (ကယားပြည်နယ်) က ကော်မတီဝင်တဦးက ပြောသည်။
၎င်းက “ရဲ ၆ ယောက်နဲ့ ယာဉ်ထိန်းရဲ တယောက် အားလုံး ၇ ယောက်က ဒီနေ့ ထပ် လာပူးပေါင်းတယ်။ Movement ထဲမှာ လူလုံး မပြဘဲ ထွက်ပြီးတော့ CDM လုပ်တာနဲ့ အားလုံးပေါင်း ၆၀ ရှိတယ်။ အရင်လူတွေလိုပဲ ပြည်သူလူထုကနေ ကာကွယ်ထား တယ်” ဟု ပြောသည်။
“ဒါကြောင့်မို့ ဆန္ဒပြပြီးတာနဲ့ သူတို့ကို လုံခြုံအောင်လို့ တခါတည်း ဆွဲထုတ်တာမျိုး လုပ်လိုက်တယ်။ လူထုကလည်း ဝန်းရံ ပြီးတော့ လုပ်ပေးထားပါတယ်” ၎င်းက ဆက်ပြောသည်။
ယနေ့ ၇ ဦးအပြင် Civil disobedience movement (CDM) လှုပ်ရှားမှုတွင် ရဲဝန်ထမ်း ၅၂ ဦးသည်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် လူထုနှင့်အတူ ပူးပေါင်း ပါဝင်လာခြင်း ဖြစ်သည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်များမှာ ၎င်းတို့ တာဝန်ကျသည့်နေရာ၊ ရဲလုပ်သက်နှင့် ကိုယ်ပိုင်နံပါတ်၊ နာမည်များကို တဦးချင်းစီက လူထုသို့ မိတ်ဆက် ပြောဆိုသွားသည်။
အာဏာရှင်ဆန့်ကျင်ရေး လူထုနှင့် ပူးပေါင်းခဲ့သည့် ရဲတဦးက “ပြည်သူနဲ့ တသားတည်းရှိကြောင်းပြဖို့ ရောက်လာတာ ဖြစ်ပါတယ်။ ကျနော်တို့ စစ်အာဏာရှင် အလိုမရှိ၊ စစ်အာဏာရှင် ကျရှုံးရေးကို ပြည်သူနဲ့အတူ ဆန္ဒပြခြင်း ဖြစ်ပါတယ်။ လူတဦးတယောက်ရဲ့ သွေးဆောင်ဖြားယောင်းမှုကြောင့် ပါဝင်လာတာ မဟုတ်ဘဲ ကျနော်တို့ရဲ့ စိတ်ဆန္ဒအရ ပါဝင်လာ တာဖြစ်ပါတယ်။ ကျနော်တို့ကို ရဲအတုလို့ ပြောတဲ့သူတွေက ကျနော်တို့ နေရာတွေမှာ လိုက်လံ စုံစမ်းလို့ ရပါတယ်” ဟု ပြည်သူများကို ပြောဆိုသွားသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီ (ကယားပြည်နယ်)ကလည်း ယင်း ရဲများသည် အယောင် ဆောင်ရဲများ မဟုတ်ကြောင်းကို ကိုယ်ပိုင်နံပါတ်များ အပါအဝင် အထပ်ထပ် စိစစ်ထားပြီး ဖြစ်ကြောင်း ပြောဆိုထားသည်။
“ကျမတို့ သေချာ စိစစ်တယ်။ သူတို့ရဲ့ နံပတ်တွေလည်း အကုန် ရှိတယ်။ သူတို့က ရဲဝန်ထမ်း ဆိုပေမယ့် ကျမတို့ မိတ်ဆွေ ထဲမှာ သိနေတဲ့သူတွေလည်း ဖြစ်တယ်။ မျက်နှာသိတွေပဲ။ ကျမတို့လည်း စိုးရိမ်လို့ သေချာကို စိစစ်ပါတယ်။ ဒီနေ့လည်း သူတို့ရဲ့ နံပါတ်တွေကို သူတို့ မိတ်ဆက်ပါတယ်” ဟု သပိတ်ကော်မတီ (ကယားပြည်နယ်) မှ ကော်မတီဝင် တဦးကလည်း ပြောပြသည်။
တပ်မတော်ဘက်ကမူ ဖေဖော်ဝါရီ ၁၀ ရက်တွင် လွိုင်ကော်မြို့တွင် လူထုနှင့်အတူ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ သည့် ရဲတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သန္ဓေရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံများ၏ အလုပ်အကိုင် အခွင့် အလမ်း ရရှိစေရေးအတွက် ဒေသအတွင်း၌သာ တာဝန်ထမ်းဆောင်စေရန် စုဖွဲ့ခန့်အပ်ထားသူများသာ ဖြစ်ကြောင်း တပ် မတော်က ထုတ်ပြန်သည်။
လူမှုကွန်ရက် စာမျက်နှာများတွင်လည်း အဆိုပါ ပြည်သူနှင့် ပူးပေါင်းလိုက်သည့် ကယားပြည်နယ် ရဲတပ်ဖွဲ့ဝင်များကို ရဲ တပ်ဖွဲ့သို့ ပြန်လာစေရန်အတွက် ရဲ အရာရှိတဦးက ပြန်လည် စည်းရုံးပြောဆိုနေသည့် ဗီဒီယိုဖိုင်တခု ထွက်ပေါ်လာခဲ့ သည်။
You may also like these stories:
ပြည်သူနှင့် ပူးပေါင်းသည့် ကယားပြည်နယ်ရဲများကို လူထုက လုံခြုံရေး ပေးထား