အာဏာသိမ်း တပ်မတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဧည့်စာရင်းစနစ်ကို ပြန်လည် အသက်သွင်းခြင်း၊ နိုင်ငံ သားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ) ကို ပြင်ဆင်လိုက်ခြင်းသည် နိုင် ငံသားတို့၏ မူလ လူ့အခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများနှင့် လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းတွင် ထုတ်ပြန်လိုက်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို စတုတ္တအကြိမ် ပြင်ဆင်သည့် ဥပဒေအရ အိမ်ထောင်စုစာရင်းဝင် မဟုတ်သူများ ညအိပ်ညနေ အလည်သွားမည် ဆိုပါက မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်ငွေ ၁၀၀၀၀ ကျပ် (သို့) ထောင်ဒဏ် ၇ ရက် ကျခံရမည် ဖြစ်သည်။
ထို့ပြင် နိုင်လွတ်လုံ ဥပဒေကို ပြင်ဆင်ချက်အရ မူလဥပဒေတွင် ကာကွယ်ပေးထားသည့် တရာရုံး ခွင့်ပြုချက်မပါဘဲ လူ တယောက်ကို ၂၄ နာရီထက် ပိုမိုချုပ်နှောင်ခွင့် ရှိလာမည်ဖြစ်သလို နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာတွင်လည်း ရပ် ကွက်အုပ်ချုပ်ရေးပိုင်းမှ အသိသက်သေအနည်းဆုံး ၂ ဦး ခေါ်ဆောင်ရမည်ဟူသောအချက်ကိုပါ ရပ်ဆိုင်းထားလိုက်သည်။
ထိုကြောင့် လူတဦးတယောက်ကို နေအိမ်အတွင်းသို့ ဝင်ရောက်ဖမ်းဆီးရာတွင် ဖမ်းဝရမ်း ပါဝင်ရန် မလိုအပ်ခြင်း၊ နေအိမ် အတွင်းသို့ ဝင်ရောက်ရှာဖွေခွင့်၊ စစ်ဆေးမေးမြန်းခွင့်၊ ဆက်သွယ်ရေး ကိရိယာများကို ကြားဖြတ်နားထောင်ခွင့်နှင့် ပစ္စည်း များ သိမ်းယူခြင်းတို့ကို လိုသလို လုပ်ဆောင်ခွင့် ရရှိသွားမည် ဖြစ်သည်။
နိုင်ငံသားများနှင့် မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်(ဟောင်း) ဦးအောင်မျိုးလတ်က “ဒါတွေက လူအခွင့်အရေးတွေကို အရင်တုန်းကလို ပြန်ချိုးဖောက်ဖို့ လုပ်လိုက် တာပဲ။ သူတို့ မတရားသဖြင့် သိမ်းယူထားတဲ့ အာဏာမြဲဖို့အတွက် ပြည်သူလူထုကို ချုပ်ချယ်မယ့်၊ ဒုက္ခပေးမယ့် ဥပဒေတွေ ကို အကုန်ပြဋ္ဌာန်းမှာပဲ” ဟု ပြောသည်။
တရားဝင်အစိုးရ မဟုတ်သော ၎င်းတို့ ထုတ်ပြန်သည့် ဥပဒေများကို ထည့်သွင်း စဉ်းစားစရာ လိုအပ်မည် မဟုတ်ဘဲ ဥပဒေ များကို ယခင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်ထားသည့်အတိုင်းသာ လိုက်နာဆောင်ရွက်သွားမည်ဟု လည်း ၎င်းက ဆိုသည်။
ဦးအောင်မျိုးလတ်က “အိမ်ခြေကျဲတဲ့ မြို့တွေမှာတော့ နည်းနည်းစိုးရိမ်စရာ ရှိပေမယ့် ကျနော်တို့ သိရသလောက် မြို့ရွာ တိုင်းလိုလို ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးနီးပါးက လုံခြုံရေး အဖွဲ့လေးတွေဖွဲ့ပြီး ကိုယ့်မြို့ကိုယ့်ရပ်ရွာ ကာကွယ်နေတာ ဆိုတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေက မြေပြင်မှာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိနိုင်ဘူး” ဟု ပြောသည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ဥပဒေပြုခွင့်အာဏာ မရှိသော အာဏာသိမ်းစစ်ကောင် စီ၏ ဥပဒေပြဋ္ဌာန်းချက်များကို အသိအမှတ် မပြုကြောင်း၊ ပြည်သူများအနေဖြင့်လည်း လိုက်နာရန် မလိုအပ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။
အများပြည်သူ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အကာအကွယ်ပြုသည့် ပုဒ်မများကို ဖျက်သိမ်းခြင်း၊ လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးသည့် ပုဒ်မများ ဖြည့်စွက်ခြင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးနှင့် နိုင်ငံ သား အခွင့်အရေးများကို ဗြောင်ကျကျ ချိုးဖောက်လျက် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ကြောင်း လည်း CRPH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တဖက်တွင်လည်း တပ်မတော်၏ အာဏာသိမ်းမှုကို ဆန့်ကျင်သော CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေး၊ ပညာရေး စသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကို ရဲတပ်ဖွဲ့နှင့် တပ်မတော်ဘက်က ညအချိန် မတော် နေအိမ်များသို့ ဖမ်းဝရမ်းမပါဘဲ လိုက်လံဖမ်းဆီးမှုများ ရှိနေသည်။
ထို့ပြင် နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူများကို ၂၄ နာရီအတွင်း ရမန်ရယူခြင်းမရှိဘဲ သီတင်း ၁ ပတ်ကျော်အထိ ဖမ်းဆီးခံ ထားရခြင်းများသည် ဥပဒေအရ ပေးအပ်ထားသည့် နိုင်ငံသားများ၏ အခွင့်အရေးကို ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း Justic for All အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်မင်းစံက ပြောသည်။
“နိုင်ငံသား အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်လိုက်တာပဲ။ နိုင်လွတ်လုံဆိုတာ နိုင်ငံသားတွေရဲ့ လုံခြုံမှုကို အဓိက အာမခံချက် ပြုထားတဲ့ ဥပဒေ ဖြစ်တယ်။ ဒီဥပဒေက ရဲက ဝင်ရှာရင် စည်းနဲ့ကမ်းနဲ့ ဖြစ်အောင် စနစ်တကျ လုပ်ပေး ထားတာ။ ဒီဥပဒေကို ဖျက်လိုက်တာကတော့ အခြေခံ နိုင်ငံသား အခွင့်အရေးကို ထိခိုက်စေတယ်” ဟုလည်း ၎င်းက သုံးသပ်သည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့သော ဆောင်ရွက်ချက်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်ပါ ကိုက်ညီမှု မရှိဘဲ နောက်ဆက်တွဲ အနေဖြင့် ရာဇဝတ်မှု ကျူးလွန်သည်ဟုဆိုကာ သက်ရောက်နိုင်ကြောင်း ပြောဆိုသည်။
အာဏာသိမ်း တပ်မတော်၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနသည် အင်တာနက်နှင့် အွန်လိုင်း လူမှုကွန်ရက် အသုံးပြုသော အများပြည်သူတို့၏ အခြေခံ အကျဆုံးသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ဆိုးရွားစွာ ချိုးဖောက် မည့် ဆိုက်ဘာလုံခြုံရေး ဥပဒေတရပ်ကိုလည်း အတည်ပြုနိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
You may also like these stories:
မြန်မာ့စစ်အာဏာသိမ်းမှု ညွှန်ကြားသူများအပေါ် ဘိုင်ဒင် အရေးယူပိတ်ဆို့
NLD ရုံးချုပ်ကို ဥပဒေမဲ့ စီးနင်းရှာဖွေသူများကို အမှုဖွင့်
မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်