နိုင်ငံအနှံ့စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြမှုများဖြစ်နေရာ ယနေ့ မန္တလေးနှင့် ထားဝယ်မြို့တို့တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးတို့ လူထုနှင့်အတူ ပူးပေါင်းပါဝင်လာသည်။
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်အတွင်း ပြုလုပ်သည့် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် တိုင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် ပူးပေါင်းပါဝင်သလို ယနေ့နံနက်ပိုင်းကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့မှ တိုင်းရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် ယာဉ်ထိန်းရဲတဦးတို့ ပထမဆုံးအနေဖြင့် လူထုနှင့် ပူးပေါင်းလာကြခြင်းဖြစ်သည်။
“စစ်အာဏာသိမ်းတာကို လုံးဝငြင်းပယ်တယ်။လုံးဝမကြိုက်ဘူး။ ဒီ CDM သာအောင်မြင်ရင် ကျနော်တို့ တိုင်းပြည်ကြီး ရှေ့လျောက် တိုးတက်ဖို့ပဲရှိပါတယ်။ ဒီစစ်အာဏာကို အမြစ်ပြတ်အောင် ကျနော်တို့နဲ့အတူ ပူးပေါင်းကြဖို့ တိုက်တွန်းတွန်လိုပါတယ်” ဟု မန္တလေးတွင် လူထုနှင့် ပူးပေါင်းခဲ့သည့် ရဲတပ်ဖွဲ့ဝင်တဦးက ကြိုတင်ရိုက်ကူးထားသည့် ရုပ်သံဖိုင်တခုတွင်ပြောထားသည်။
စစ်အာဏာသိမ်းမှုကို လက်မခံနိုင်သောကြောင့် ပြည်သူနှင့်အတူ ပူးပေါင်းရခြင်းဖြစ်ပြီး အခြားသော ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ပြည်သူအာဏာဖီဆန်မှု(CDM) လှုပ်ရှားမှု တွင် ၎င်းတို့နှင့်အတူ ပါဝငရန် တိုက်တွန်းခဲ့ကြသည်။
ထားဝယ်မြို့ ဒေသခံတဦးက “ ဒီနေ့ ရဲတပ်သား ၆ ဦးနဲ့ ယာဉ်ထိန်းတဦး လူထုနဲ့ ပူးပေါင်းလာတာပေါ့၊ သူတို့က တိုင်းရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေပါ၊ ခုလောလောဆယ်တော့ လိုက်ဖမ်းမယ်ဆိုလို့ လုံခြုံတဲ့နေရာကို တိမ်းရှောင် နေရတယ်လို့ သိထားပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်များက ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်အချို့နှင့် နေပြည်တော်၊ မကွေး၊ မြိတ်၊ ကြံခင်း၊ ငွေဆောင်၊ ဘားအံမြို့တို့မှ ရဲတပ်ဖွဲ့ဝင်အချို့ လူထုနှင့် ပူးပေါင်းခဲ့ရာ ဦးရေ ၈၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်
အာဏာသိမ်း စစ်ကောင်စီဘက်ကမူ ပူးပေါင်းဆန္ဒပြသူ ရဲတပ်ဖွဲ့ ဝင်များမှာ အတုများသာဖြစ်သည်ဟု ငြင်းထားသည်။
လူထုနှင့် ပူးပေါင်းခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို အရေးယူရန် လိုက်လံဖမ်းဆီးမှုများ ရှိနေ၍ လူထုက ကာကွယ်မှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။
အခြားသော ဌာနဆိုင်ရာ ပြည်သူ့ဝန်ထမ်းများကလည်း စစ်အာဏာသိမ်းဆန့်ကျင်ရေး CDM လှုပ်ရှားမှုပြုလုပ်လျှက်ရှိရာ အာဏာသိမ်းကောင်စီဘက်မှ ကနဦးတွင် လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရန် မေတ္တာရပ်ခံခြင်း၊ စွဲဆောင်စည်းရုံးခြင်းများ ပြုလုပ်ခဲ့သော်လည်း CDM လှုပ်ရှားမှုတွင် ဝန်ထမ်းများ ပိုမိုပါဝင်ကာ အားကောင်းလာသည့်အတွက် ဥပဒေအရ ခြိမ်းခြောက်မှုများ၊ ညအချိန်ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်။
You may also like these stories:
မြန်မာ့စစ်အာဏာသိမ်းမှု ညွှန်ကြားသူများအပေါ် ဘိုင်ဒင် အရေးယူပိတ်ဆို့
တပ်မတော် အာဏာသိမ်းမှု အပေါ် နယူးဇီလန်နဲ့ သြစတြေးလျ ပြောပြီ