မြန်မာစစ်ဗိုလ်ချုပ်များ၏ လုပ်ရပ်သည် မြန်မာပြည်သူလူထုကို စစ်ကြေညာသကဲ့သို့ ဖြစ်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ၎င်း၏ တွစ်တာအကောင့်မှတဆင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ညဘက် စီးနင်းဝင်ရောက်ခြင်း၊ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာခြင်း၊ လူထု၏ ရပိုင်ခွင့်များကို ဖယ်ရှား ပစ်နေခြင်း၊ အင်တာနက် ပိတ်ပစ်ခြင်းနှင့် လူနေရပ်ကွက်များထဲသို့ စစ်ယာဉ်တန်းများ ဝင်ရောက်လာခြင်း စသည့် စစ်ဗိုလ် ချုပ်ကြီးများ၏ အပူတပြင်း လုပ်ရပ်များကို ၎င်းက ရည်ညွှန်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါ လုပ်ရပ်များအတွက် စစ်ဗိုလ်ချုပ်များအနေဖြင့် တာဝန် ယူရလိမ့်မည်ဟုလည်း Tom Andrews က သတိပေးသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းကလည်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တခြားမြို့ကြီးများတွင် သံချပ်ကာ ကား များ အပါအဝင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ယာဉ်တန်းများဖြင့် လှည့်လည် အင်အားပြမှုများ ရှိခဲ့သလို ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁ နာရီမှ ၉ နာရီအထိလည်း အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သေးသည်။
အမေရိကန်သံရုံး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဥပရောပ သမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများက လည်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများနှင့် အရပ်သား ပြည်သူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းမဖက်ကြရန် ဖေဖော် ဝါရီ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။
အဆိုပါ ကြေညာချက် ထွက်သည့် ညမှာပင် တပ်မတော်ဘက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လျှပ်စစ်ရုံးအနီး လာရောက် ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ပြီး သတင်းထောက် ၅ ဦးကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။
သံရုံးများ၏ ကြေညာချက်၌ နိုင်ငံရေး ခေါင်းဆောင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ သတင်း သမားများအပြင် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီး ထိန်းသိမ်းထားခြင်းနှင့် ဆက်လက် ဖမ်းဆီးနေခြင်းတို့အား ပြတ်ပြတ်သား သား ကန့်ကွက်ကြောင်းလည်း ဖော်ပြထားသည်။
တပ်မတော်ဘက်က ဆက်သွယ်ရေးစနစ်ကို ကြားဖြတ်နှောင့်ယှက်ခြင်း၊ မြန်မာနိုင်ငံသားများ၏ အခြေခံရပိုင်ခွင့်များနှင့် ဥပဒေအရ ကာကွယ်ပေးထားသည့် အခြေခံ အခွင့်အရေးများအား ချုပ်ချယ် ကန့်သတ်ထားခြင်းတို့ကို လူသိရှင်ကြား ကန့် ကွက် ရှုတ်ချသည်ဟုလည်း ကြေညာချက်တွင် ရေးသားထားသည်။
You may also like these stories:
စစ်အာဏာသိမ်း ဆန့်ကျင့်ရေး မန္တလေးနှင့် ထားဝယ်မှ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းလာ
စစ်ကောင်စီက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိ
မှော်ဘီမှာ ညဘက်ဖမ်းမိတဲ့ ရဲနှင့် အရပ်သားကို ပုဒ်မ ၂ ခုနှင့် အရေးယူ