COVID-19 အပါအဝင် စစ်အာဏာသိမ်းမှု အခြေအနေ အရပ်ရပ်ကြောင့် မြန်မာနိုင်ငံအား ခရီးမသွားရမည့် အန္တရာယ်ရှိ အဆင့် ၄ (အနီရောင်အဆင့်) နိုင်ငံအဖြစ် သတ်မှတ်လိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသည် တပ်မတော်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေမည် ဖြစ်သည့်အပြင် ပြည်တွင်း မတည်ငြိမ်မှုသာမက လက်နက်ကိုင်ပဋိပက္ခများကိုပါ ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်း ဖော်ပြ ထားသည်။
လက်ရှိ အခြေအနေတွင် ကိုဗစ်ကပ်ရောဂါကြောင့် သုညအဆင့်သို့ ကျဆင်းသွားရသော ကုမ္ပဏီအများအပြားနှင့် ယာယီ ပိတ်သိမ်းခဲ့ရသော ခရီးသွား လုပ်ငန်းသည် ထပ်မံကျဆင်းသွားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိ သူတဦး က ပြောသည်။
“ကျနော်တို့ နိုင်ငံ အခု အခြေအနေအရတော့ ခရီးသွားလုပ်ငန်းက ထပ်ပြီးတော့ ဇောက်ထိုးဆင်းသွားတာပေါ့။ ခရီးသွား လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအားလုံးကို ပိုပြီးတော့ ထိခိုက်နစ်နာကြတော့မှာပေါ့။ ကိုဗစ်ကြောင့်လည်း အလဲလဲအကွဲ ကွဲ ဖြစ်နေကြတာလေ” ဟု ၎င်းက ပြောသည်။
အရေးပေါ် တာဝန်ရှိသူများမှအပ မြန်မာနိုင်ငံတွင်ရှိသော အမေရိကန်အစိုးရ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပြန်လာနိုင် ကြောင်းနှင့် နိုင်ငံတကာ ခရီးစဉ်များအတွက် COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်း ပြင်ဆင်ထားရန် အမေရိ ကန် နိုင်ငံခြားရေးဌာနက ဆိုသည်။
အလားတူ အမေရိကန်၏ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC ကလည်း ကိုဗစ်ရောဂါ အခြေအနေနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံကို အန္တရာယ် အဆင့် ၄ အဖြစ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း အနှံ့အပြားတွင် ဆန္ဒပြပွဲများ၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်လာနိုင်ကြောင်းနှင့် တိုင်းရင်း သားဒေသအချို့တွင် မရှင်းလင်းရသေးသော မြေမြှုပ်မိုင်းများ ရှိနေကြောင်းလည်း ထည့်သွင်း ထုတ်ပြန်ထားသည်။
ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့်၂၀၁၀ ပြည့်နှစ် မတိုင်ခင်အခြေအနေကို ပြန်လည် ရောက်ရှိသွားတော့မည့် အခြေအနေ ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က သုံးသပ်ထားသည်။
“၂၀၁၀ ခုနှစ် အရှေ့ပိုင်းကာလတွေကို ပြန်ရောက်သွားတဲ့ သဘောပဲ။၂၀၁၀ ရှေ့ပိုင်းတုန်းကတော့ ကျနော်တို့ Industry က အခုလောက် မကြီးဘူးပေါ့။ ဒီမှာရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းတွေ အပါအဝင် အားလုံးကတော့ တော်တော်လေး ခက်ခဲမှု တွေ ဖြစ်မယ်ပေါ့။ ပိုခက်ခဲလာတော့မှာပေါ့” ဟု အဖွဲ့ချုပ် တာဝန်ရှိသူက ပြောဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များ မှားယွင်းနေသည်ဟု စွတ်စွဲကာ တပ်မတော်က ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်း ခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိ
အာဏာသိမ်းစစ်တပ်ကို မကာကွယ်ဖို့ တရုတ်နှင့် ရုရှားသံရုံးရှေ့ ဆန္ဒပြ
ဆန္ဒပြသူတွေကို တပ်နဲ့ရဲ လိုက်လံဖမ်းဆီး