ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဒေသခံလူထုနှင့် ရဲတပ်ဖွဲ့တို့ အဓိကရုဏ်းကြား ဖမ်းဆီးခံရသည့် သတင်းထောက် ၅ ဦး ကို ခံဝန်လက်မှတ် ရေးထိုးခိုင်းကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ယနေ့ ပြန်လွှတ်ပေးလိုက်ပြီဟု သတင်းရရှိသည်။
ဖမ်းဆီး ခံထားရသည့် သတင်းထောက်များမှာ The74 Media မှ အယ်ဒီတာချုပ် ဦးထွယ်အောင်နှင့် သတင်းထောက် ဦး နောင်ဆိုင်း၊ ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက်မှ ဦးရန်ကောင်း၊ ဦးဝေယံ၊ မဇ္ဈိမ သတင်းဌာနမှ သတင်းထောက် ဦးဆိုင်း လတ်အောင်တို့ ဖြစ်သည်။
ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီ ဝန်းကျင်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါး လျှပ်စစ်ဓာတ်အားပေးရုံရှေ့၌ ဒေသခံ လူထုနှင့် ရဲ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်ဖွဲ့ဝင်များကြား တင်းမာမှု ဖြစ်နေစဉ် ရဲတပ်ဖွဲ့ဘက်က ပစ်ခတ်ဖြိုခွင်းရာ သတင်းထောက်များက ၎င်းတို့ သတင်းဌာနများမှတဆင့် တိုက်ရိုက်သတင်း (Live) ထုတ်လွှင့်သဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ် သည်။
ယနေ့ နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့၏ ရပ်မိရပ်ဖ အဖွဲ့အစည်းတခု ဖြစ်သည့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ကွန် ရက် (PCG) က ကြားဝင် ညှိနှိုင်းပေးသဖြင့် သတင်းထောက် ၅ ဦးကို ခံဝန်လက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
PCG မှ ဦးလမိုင်ဂွန်ဂျာက “Live လွှင့်တော့ မြန်မြန်လာကြ၊ လူအင်အား မရှိဘူးဆိုပြီး ဖိတ်ခေါ်ကြတာမျိုးတွေ အဲဒီမှာ KIA က ဘယ်ရောက်သွားလဲ လာကူကြပါ ဆိုတာမျိုးတွေပေါ့။ အဲဒါက လူတွေကို အုံကြွအောင် လှုံ့ဆော်သလို ဖြစ်တယ်ဆိုပြီး ထိန်းသိမ်းပါပေါ့။ Live မလွှင့်ရ၊ မလွှင့်နဲ့ ပြောတာ မဟုတ်ဘဲ မီဒီယာရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ပါဆိုပြီး သူတို့က ပြောတာပါ” ဟု ဆိုသည်။
မြစ်ကြီးနားမြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်မှစ၍ ဒေသခံ လူထုနှင့် ရဲတပ်ဖွဲ့၊ တပ်မတော်တို့ကြား တင်းမာမှုများ စတင် ဖြစ်ပွား လာခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ တမြို့လုံးကို မီးပေးနေသည့် ဘူးဂါးလျှပ်စစ်ရုံးကို လက်နက်ခဲယမ်း အစုံအလင် တပ်ဆင်ထား သည့် တပ်မတော် တပ်ဖွဲ့များက ဝိုင်းထားသဖြင့် မြို့ကို မီးဖြတ်မည်ကို စိုးရိမ်ကာ ရာနှင့်ချီသည့် ဒေသခံများက လျှပ် စစ်ရုံးကို ပြန်ဝိုင်း၍ တပ်ဖွဲ့များ ထွက်သွားရန် တောင်းဆိုခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၄ ရက်တွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ဓာတ်အားခွဲရုံဝင်းအတွင်းသို့ တပ်မတော် တပ်ဖွဲ့များ ထပ်မံဝင် လာသဖြင့် မနက်ပိုင်းမှ ည ၉ နာရီအထိ ဒေသခံများက ဝိုင်းဝန်းကာ မီးမဖြတ်ရန်၊ တပ်ဖွဲ့ဝင်များ ထွက်သွားပေး ရန် တောင်းဆိုခဲ့သည်။
ည ၉ နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က အဓိကရုဏ်း ဖြစ်ပွားရာတွင် ဖြိုခွင်းသည့် ရေကားဖြင့် ဒေသခံ လူထုကို ဖြန်းကာ လူစု ခွဲခဲ့ပြီး အသံဗုံး၊ မီးခိုးဗုံး၊ မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့်လည်း ပစ်ခတ် ဖြိုခွင်းခဲ့သည်။
အဓိကရုဏ်းဖြစ်သည့် နေရာတွင် သတင်းယူနေသည့် သတင်းထောက်များက ရဲတပ်ဖွဲ့ဘက်မှ အကြမ်းဖက်ဖြိုခွင်းနေသည့် မြင်ကွင်းအား သတင်းဌာန အသီးသီးမှ Live လွှင့်ခဲ့ရာ Live ကို ကြည့်ရှုနေသူများ က ဒေသခံလူအင်အားနည်းနေသဖြင့် ဝိုင်းကူပေးကြရန် Comment တွင် ရေးသားခဲ့ကြခြင်း ဖြစ်သည်။
တိုက်ရိုက် သတင်းလွှင့်သည့် သတင်းထောက်များက လူအင်အားနည်းနေသဖြင့် လာကူကြရန်၊ ဝိုင်းဝန်းကြရန် ပြောဆိုခဲ့ ခြင်း မရှိခဲ့ပါ။
သို့သော် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က Live တွင် ဝင်ရောက် ရေးသားကြသည့် Comment များကြောင့် သတင်း ထောက်များအနေဖြင့် လူထုအုံကြွအောင်၊ ဆူပူအောင် လုပ်သည်ဟု ယူဆကာ ခံဝန်လက်မှတ်ထိုးခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။
ဦးလမိုင်ဂွမ်ဂျာက “အခု ပါလာတဲ့ သတင်းမီဒီယာတွေကတော့ သူတို့ စည်းမျဉ်းစည်းကမ်း (သတင်းမီဒီယာ ကျင့်ဝတ်) အတိုင်း လုပ်ဆောင်တာ ဖြစ်တယ်။ ဒါပေမယ့် တဖက်မှာတော့ လူထုကို သိအောင် တင်ပြတာ ဖြစ်ပေမယ့် တချို့မှာကျ ဆူပူပြီး လူစုအောင် ဆော်သြသလို ဖြစ်တယ်ပေါ့။ အခုချိန်က ၁၄၄ လည်း ထုတ်ထားတာ ဖြစ်တဲ့အတွက် သတိထား ဆင် ခြင်ဖို့ ပြောပါတယ်” ဟု ဆိုသည်။
ကချင်ပြည်နယ်အခြေစိုက် The 74 Media မှ အယ်ဒီတာ ဦးဇော်ရိန်ဖရာက အဓိကရုဏ်းဖြစ်နေသည့် နေရာတွင် သတင်း ရယူကာ လူထုကို သတင်းပေးရန်အတွက် လုပ်ဆောင်သည်မှာ သတင်းမီဒီယာ၏ တာဝန်တရပ်ဖြစ်ပြီး လူအများ သတင်း သိပိုင်ခွင့်အတွက် အလုပ်လုပ်နေသည့် သတင်းထောက်များကို ဖမ်းဆီးခြင်းအပေါ် ရှုတ်ချပါသည်ဟု ပြောသည်။
ဦးဇော်ရိန်ဖရာက “သူတို့ ၅ ယောက်က သတင်းယူတာ ရိုးရိုးအရပ်သား ဝတ်စုံနဲ့ မဟုတ်ဘူး။ အကုန်လုံး Press ဆိုပြီး ထင် ထင် ရှားရှားပါတဲ့ အင်္ကျီ၊ ဦးထုပ်တွေ ဝတ်ထားတယ်။ သတင်းထောက်ကတ်တွေလည်း လည်ဆွဲ ချိတ်ထားတယ်။ သတင်း သမားဆိုတာ ဒီနေရာမှာ ဘာဖြစ်နေတယ်ဆိုတာ ပြောပြရမယ့် တာဝန်ရှိတယ်။ အခုလို ဖမ်းဆီးတာ မဖြစ်သင့်ဘူး၊ ရှုတ်ချ ပါတယ်” ဟုလည်း ဆိုသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မြစ်ကြီးနားတမြို့လုံးကို မီး ပေးနေသည့် လျှပ်စစ်ရုံးများသို့ ဝင်ရောက် နေရာယူထားသဖြင့် ဒေသခံလူထုများက မီးဖြတ်ပစ်မည်ဟု ထင်ကာ လျှပ်စစ် ရုံးအတွင်းမှ ထွက်သွားပေးရန် ဝိုင်းဝန်း တောင်းဆိုကြခြင်း၊ ဆန္ဒပြကြခြင်းများ ပြုလုပ်ကြခြင်း ဖြစ်သည်။
PCG နှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တွေ့ဆုံဆွေးနွေးထားချက်အရ တပ်ဖွဲ့ဝင်များက လျှပ်စစ်ရုံးများသို့ ဝိုင်းရခြင်းမှာ မတည်မငြိမ် ဖြစ်နေသည့် ကာလတွင် လျှပ်စစ်ရုံးအတွင်းသို့ မိုင်းခွဲခြင်း၊ ဖောက်ခွဲခြင်း ပြုလုပ်ကာ မီးဖြတ်လိုက်မည်ကို စိုး ရိမ်သဖြင့် လုံခြုံရေး ချထားရခြင်း ဖြစ်သည်ဟု တပ်မတော်ဘက်က ပြောဆိုကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ မဖြိုခွင်းမီ နာရီပိုင်းတွင် အရက်မူးနေသည့်သူများက အော်ဟစ်ဆဲဆိုခြင်း၊ ရဲတပ်ဖွဲ့ဝင်များရှိရာ ဘက်သို့ ခဲနှင့် ပေါက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု ထိုနေရာတွင် ရှိနေခဲ့သည့် ဦးလဂျာက ပြောသည်။
PCG က အိမ်ပြန်ကြရန် လူစုခွဲကြရန် သတိပေးပြောဆိုခဲ့သည် ဟုလည်း ၎င်းက ဆိုသည်။
ရဲတပ်ဖွဲ့ဘက်မှ လူထုကို ဖြိုခွင်းခဲ့သည်နှင့် ပတ်သက်၍ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဘက်မှ သတင်းထုတ်ပြန်ထားပြီး ၎င်း တို့ အနေဖြင့် မျက်ရည်ယိုဗုံး၊ အသံဗုံး၊ မီးခိုးဗုံးများ အသုံးပြုခဲ့ကြောင်း၊ လျှပ်စစ်ရုံးအနီး ဝိုင်းထားသည့် လူ ၇၀၀ ရှိ လူအုပ် တွင် ဒေသခံ အနည်းငယ်သာ ပါဝင်ပြီး အများစုမှာ ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်ဟု ရေးသား ထုတ်ပြန်ထားသည်။
ယမန်နေ့ညက ဖြိုခွင်းမှုကြောင့် ဒေသခံ၂ ဦးမှာ ခေါင်းနှင့် ခြေသလုံးတွင် ရာဘာကျည် ရှပ်ထိသည့် ဒဏ်ရာများ ရရှိထား သည် ဟု သိရသည်။
မြစ်ကြီးနားတမြို့လုံးကို မီးပေးနေသည့် ဘူးဂါးလျှပ်စစ်ရုံးများသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ကုမ္ပဏီ တခု ဖြစ်သည်။
KIA သည် အစိုးရ၊ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေးစာချုပ် တစုံတရာ ချုပ်ဆိုထားခြင်း မရှိပါ။ ပဏာမ အပစ်ရပ် စာ ချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်ပြီး အပစ်ရပ်ရန် ညှိနှိုင်းနေစဉ် ကာလအတွင်း နှစ်ဖက်တပ်များ ပစ် ခတ်မှု မဖြစ်စေရန် ညှိနှိုင်း၍ မြေပြင်အခြေအနေကို ထိန်းသိမ်းထားသည်မှာလည်း ၂ နှစ်ခန့် ရှိပြီ ဖြစ်သည်။
You may also like these stories:
မြန်မာအား ခရီးမသွားရမည့် အန္တရာယ်အဆင့် ၄ နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်