နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ချုပ်ရက် ရမန်ယူထားကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
၎င်းက “ဒီနေ့ ရုံးချိန်းဖြစ်တဲ့အတွက်ကြောင့် ဆိုရှယ်မီဒီယာမှာတက်တဲ့ သတင်းအရရော၊ ရမန်လျှောက်တဲ့စာအရရော ဒီနေ့ ထိ ယူထားတယ်ဆိုတော့ ရမန်ကုန်တဲ့ ရက်ပဲဆိုပြီး ကျနော်တို့ ပါဝါတင်ဖို့ လာတာပါ။ ခရိုင်တရားသူကြီးနဲ့ရော ဆွေးနွေးပါ တယ်။ သူ့ပြောပြချက်အရ ရမန်က ၁၇ ရက်ထိ ယူထားပါတယ်။ ဒီကနေ့ မဟုတ်ပါဘူးတဲ့” ဟု ပြောသည်။
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့သည် ယနေ့ ရမန်ပြည့်ပြီဟုဆိုကာ အမှုကို ထုချေရန်အတွက် ရှေ့နေပါဝါ တင်ရန် ဒက္ခဏိခရိုင်တရားရုံးကို ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရမန်ပြည့်သည့်အခါ အမှုကြားနာခြင်းကို ဗီဒီယိုကွန်ဖရန့်ဖြင့် သာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အခုက သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံတို့နဲ့ တွေ့ဖို့ ကြိုးစားနေပါတယ်။ ဥပဒေနဲ့အညီ ရှေ့နေက ညွှန်ကြားချက် ယူဖို့ရှိတဲ့ အတွက် တွေ့ဖို့ ကြိုးစားပါမယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးကို ထပ်ပြီး ကြိုးစားပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားရေးရဲ့ သဘောထား က ရှေ့နေမပါလို့ မဖြစ်ဘူး။ ရှေ့နေကလည်း ညွှန်ကြားချက်ယူဖို့ တွေ့ရပါမယ်” ဟု ဦးခင်မောင်ဇော်က ပြောသည်။
တပ်မတော်က အာဏာသိမ်းသည့်နေ့၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
ထို့နောက် သမ္မတဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်း ကုန် ဥပဒေဖြင့် အမှုဖွင့်ပြီး ချုပ်ရက်ရမန်ယူထားခြင်း ဖြစ်သည်။
You may also like these stories:
မြစ်ကြီးနားတွင် အဖမ်းခံရသည့် သတင်းထောက် ၅ ဦး ခံဝန်ကတိဖြင့် ပြန်လွှတ်
မြန်မာစစ်ဗိုလ်ချုပ်များ လူထုကို စစ်ကြေညာသလို ဖြစ်နေဟုဆို