ရန်ကုန်မြို့ လမ်းမများပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်တွင် လူထုလှုပ်ရှားမှု အခြေအနေမှာ အနည်းငယ် လျော့ကျမှုရှိခဲ့ သည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ လမ်းမများပေါ်တွင် ဘရင်းကယ်ရီယာ သံချပ်ကာ စစ်ကားများ ပေါ်ထွက်လာပြီး ဖေဖော်ဝါရီ ၁၅ မနက် ၁ နာရီမှ ၉ နာရီထိ အင်တာနက်ပြတ်တောက်ခြင်းများ ဖြစ်ခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ဆန္ဒပြသူများနှင့် CDM လှုပ်ရှားမှုတွင် ပါဝင်သူများအား အလုံးအရင်းဖြင့်ဖမ်းဆီးမည်ကို စိုးရိမ်ခဲ့ကြသည်။ ညတွင်းချင်းပင် ရန်ကုန်အခြေစိုက် အနောက်တိုင်းသံတမန်များစုပေါင်းပြီး စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ကြသည်။သို့သော် ထိုသို့ မဖြစ်ပွားခဲ့ချေ။
အင်းစိန်မြို့နယ်နေ ပြည်သူတဦးက “လူအားလျော့သွားမှာတော့ စိုးရိမ်တယ်”ဟု ၎င်း စိုးရိမ်ပူပန်မှုကို ပြောသည်။
သို့သော်လည်း မွန်းလွဲပိုင်းအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်သို့ ရဲတပ်ဖွဲ့က ဝင်ရောက် ရှာဖွေချိန် တွင် လူဦးရေသောင်းနှင့်ချီပြီး ရောက်ရှိလာခဲ့သည်ကို တွေ့ရသည်။
ဆန္ဒပြရက် ရှည်လျားလာခြင်း၊ ညည့်နက်သန်းခေါင်အချိန်မှ လူနေရပ်ကွက်များသို့ ဝင်ရောက်လာသည့် ဒုစရိုက်သမားအမျိုးမျိုးကြောင့် ညပိုင်းအချိန်များတွင် လုံခြုံရေးယူရခြင်း အစရှိသည့် အခြေအနေ အရပ်ရပ်ကြောင့် “အနည်းငယ်” လျော့သွားခြင်းသာ ဖြစ်ကြောင်း ဆန္ဒပြလှုပ်ရှားသူများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဒုဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုး က “ရှေ့ ၁၀ ရက်လောက်ကို ပြည်သူတွေက လမ်းပေါ်ထွက်ပြီးသွားပြီ ဖြစ်တဲ့အတွက် နည်းနည်းပန်းသွားတာကြောင့် လမ်းပေါ်ထွက်တဲ့ လူဦးရေနည်းသွားတာ လို့ ထင်ပါတယ်။ နောက်တခုကျတော့ သူတို့ အနေနဲ့ လမ်းပေါ်ထွက်တာထက် ပိုတဲ့ အဆင့်မြင့်တဲ့ လှုပ်ရှားမှုတွေ လုပ်ချင်တဲ့အတွက်လည်း တခုခု စဉ်းစားနေတာလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်နေသူတဦးလည်း ဖြစ်ပြီး၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ် ပြိုင်ခဲ့သူ တဦးလည်း ဖြစ်သူ မအိသဉ္ဇာမောင်က “ကျမတို့ ပြည်သူတွေက ညဆိုရင် ခွေးက မောင်းရတယ်။ နေ့ဆိုရင် လည်း အာဏာရှင်တွေကို မောင်းထုတ်ရတယ်ဆိုတော့ တော်တော်လေး ပင်ပန်းတဲ့ အလုပ်လေ။ အလုပ် ၂ ခု ၃ ခုလောက် ကို တပြိုင်နက်တည်း လုပ်နေရတော့ လူက လျော့သွားတာ ဖြစ်တတ်ပါတယ်” ဟု ဆိုသည်။
လက်ရှိ အခြေအနေတွင် အုပ်ချုပ်ရေးယန္တရား ရပ်တန့်ရေးအတွက် ဝန်ထမ်းများ၏ ရုံးမတက်ရေး လှုပ်ရှားမှု၊ လမ်းပေါ် ထွက် လူထုလှုပ်ရှားမှုနှင့် လွှတ်တော်အမတ်များ၏ လွှတ်တော်လမ်းကြောင်း တိုက်ပွဲတို့ဖြစ်ပြီး ဟန်ချက်ညီညီ သွားနေ ကြောင်း နိုင်ငံရေးလှုပ်ရှားသူများက ပြောသည်။
တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်တွင် အာဏာသိမ်းယူပြီးခဲ့သည့်နောက်တွင် ဆေးတက္ကသိုလ် ပါမောက္ခချုပ်များ အပါ အဝင် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ ရဲဝန်ထမ်းများ စသည့် နိုင်ငံတဝှမ်း နေရာဌာနအသီးသီးမှ ဝန် ထမ်းများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် Civil Disobedient Movement ကို ပြုလုပ်လျက်ရှိသည်။
ထိုလှုပ်ရှားမှုနှင့် တပြိုင်နက်တည်းတွင် တိုင်းနှင့်ပြည်နယ် အသီးသီး၌ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လူထု ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိပြီး ည ၈ နာရီတိုင်းတွင်လည်း သံပုံးတီးသည့် လှုပ်ရှားမှု တရပ်ကို နေ့စဉ် ပြုလုပ်လျက်ရှိသည်။
You may also like these stories:
ဒေါက်တာ မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ရှိမည်ထင်၍ NLD ရုံးချုပ်ကို ဝင်ရှာ
သမိုင်းထဲက အကြမ်းမဖက် အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုများ