သတင်း

ဆိုက်ဘာဥပဒေမူကြမ်း နိုင်ငံတကာစံနှုန်းနှင့်မညီဟု အမေရိကန်နှင့် EU ကုန်သည်များအသင်းတို့ ထုတ်ပြန်

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက အတည်ပြုပြဋ္ဌာန်းရန် ကြိုးပမ်းနေသော ဆိုက်ဘာလုံခြုံရေး ဥပဒေ (မူကြမ်း)သည် နိုင်ငံတကာ စံနှုန်းနှင့် မညီကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်များအသင်းအပါအဝင် ဥရောပ ကုန်သည် များအသင်းတို့က ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကြေညာလိုက်သည်။

ဥပဒေမူကြမ်းသည် နိုင်ငံတကာ စံနှုန်းများ အပါအဝင် ဆိုက်ဘာလုံခြုံရေး ဥပဒေဆိုင်ရာ အလေ့အကျင့်ကောင်းများကို ထင် ဟပ်မှု မရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ကုန်သည်ကြီးများအသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အသင်းကြီးအနေနှင့် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှုကို တားဆီးပြီး ကိုယ်ရေး အချက်အလက်ဆိုင်ရာ လုံခြုံမှုကို ထိခိုက်စေသည့် မည်သည့် ဥပဒေကိုမဆို အထူးစိုးရိမ်ပူပန်ကြောင်း ပြောကြားထားသည်။

ဥပဒေမူကြမ်းတွင် အချက်အလက် သိမ်းဆည်းမှုဆိုင်ရာ ကန့်သတ်ချက်များသာမက ဥပဒေပြဋ္ဌာန်းချက်ကို မလိုက်နာပါက ဝန်ဆောင်မှု ပိတ်ပင်ခြင်း သို့မဟုတ် အရေးယူ ဒဏ်ခတ်မည်ဆိုသည့် ခြိမ်းခြောက်မှုများ ရှိနေခြင်းတို့သည် စီးပွားရေး လုပ် ငန်းများအား ထိခိုက်စေနိုင်သည့်အပြင် မြန်မာနိုင်ငံသို့လာရောက်မည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကိုပါ ထိခိုက်စေနိုင်ကြောင်း အမေရိကန် ကုန်သည်ကြီးများ အသင်းက သတိပေးသည်။

ထ့ိုပြင် အမေရိကန်၊ ဥရောပ ၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်၊ ဂရိ၊ နယူးဇီလန်နှင့် အီတလီ ကုန်သည်ကြီးများအသင်းတို့ ပူး ပေါင်းထုတ်သည့် ကြေညာချက်တွင်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် ခိုင်မာသော ဆိုက်ဘာလုံခြုံရေး မူဘောင် နှင့် လုံခြုံမှုရှိသော ဒစ်ဂျစ်တယ် ပတ်ဝန်းကျင် ဖန်တီးရေး၏ အရေးပါမှုကို နားလည်သော်လည်း ယခု ဥပဒေမူကြမ်းသည် အဆိုပါ အ‌ရေးပါမှုများထက်များစွာ အတိုင်းအတာ ကျော်နေကြောင်း ထောက်ပြထားသည်။

ဥပဒေမူကြမ်းတွင် အချက်အလက်နှင့် ဆိုင်ဘာနည်းပညာဆိုင်ရာ ပစ္စည်းကိရိယာမျာကို သိမ်းဆည်းခြင်း အပါအဝင် စီးပွား ရေး လုပ်ငန်းတခုလုံးကို ယာယီ သို့မဟုတ် အမြဲတမ်း တားမြစ်နိုင်ခြင်း၊ အာဏာပိုင်များ၏ လွတ်လပ်စွာ ဆုံးဖြတ်ချက်ဖြင့် စီးပွားရေး လုပ်ငန်းများကို ဝင်ရောက် စွက်ဖက်နိုင်ခြင်း စသည့် အချက်များ ပါဝင်နေခြင်းက အတိုင်းအတာကျော်လွန်နေ ခြင်းဖြစ်ကြောင်း ဥရောပကုန်သည်ကြီးများ အသင်း၏ ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် အာဏာပိုင်များ တောင်းခံလာလျှင်လည်း သုံးစွဲသူများ၏ အချက်အလက်များကို အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ များက အချိန်မရွေး ထုတ်ပေးရခြင်း၊ ပြစ်မှုတစုံတရာ ငြိစွန်းပါက အရည်အချင်းပြည့်ဝပြီး မျှတသော တရားစီရင်ရေးစနစ်၏ အထောက်အပံ့ မရနိုင်ခြင်းတို့ ပါရှိသဖြင့် ဆိုင်ဘာလုံခြုံရေး ဥပဒေကြမ်းသည် နိုင်ငံတကာစံနှုန်းနှင့် သာမက ဒေသတွင်း ဥပဒေမူဘောင်များနှင့်ပါ ကိုက်ညီမှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ ကုန်သည် စက်မှု အသင်းချုပ် (UMFCCI) ကလည်း ဆိုက်ဘာလုံခြုံရေး ဥပဒေ မူကြမ်းတွင် စီးပွားရေး လုပ်ငန်း များ လည်ပတ် လုပ်ကိုင်နိုင်ရန်အတွက် လိုက်နာရမည့် ခက်ခဲသော ထိန်းချုပ်ချက်၊ တောင်းဆိုချက်၊ ကန့်သတ်ချက်၊ တား မြစ်ချက်များ များစွာ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ယင်းဥပဒေ (မူကြမ်း)သည် အများနှင့် သက်ဆိုင်ပြီး ကျယ်ပြန့်သော ဥပဒေဖြစ်သဖြင့် ကဏ္ဍပေါင်းစုံမှ ပါဝင်ဆွေးနွေးမှုများ ကို အချိန်ယူ ထည့်သွင်းစဉ်းစားပြီးမှ ပြဋ္ဌာန်းသင့်ကြောင်း၊ ဥပဒေမူကြမ်းကို ဥပဒေအဖြစ် ဆောလျင်စွာ ပြဋ္ဌာန်းမည့် အစီ အစဉ်အပေါ် ကန့်ကွက်ကြောင်း UMFCCI ၏ ကြေညာချက်တွင် ရေးသားထားသည်။

You may also like these stories:

မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ

မမြသွဲ့သွဲ့ခိုင် ပစ်ခတ်ခံရမှုအပေါ် UN အထူးကိုယ်စားလှယ် မေးခွန်းထုတ်

Loading