ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကြီးတွင် အရေးပေါ် လူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေ သော ကျန်းမာရေး ဝန်ထမ်းများကို ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ရဲအင်အား ၄၀ ကျော်ဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ သည်။
သို့သော်လည်း တောင်ကြီး ဒေသခံ၂၀၀၀ ကျော်က ဝန်းရံ ပိတ်ဆို့လိုက်သဖြင့် ကျန်းမာရေး ဝန်ထမ်းများအား ဖမ်းဆီးမည့် အစီအစဉ်ကို ရဲတပ်ဖွဲ့က လက်လျှော့ပြီး ပြန်သွားခဲ့ရကြောင်း ပိတ်ဆို့ရာတွင် ပါဝင်ခဲ့သူတဦးက ပြောသည်။
၎င်းက “အထဲဝင်တဲ့ မြင်ကွင်းတော့ ကျနော်တို့ သေချာ မမြင်ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဆေးရုံဝင်းအပြင်မှာ ဝိုင်း ထားတဲ့အတွက် သူနာပြု ဆရာမတချို့ပြောတာတော့ သူတို့ အဆောင်လှေခါးမှာ ပိတ်ထားပြီးတော့ အထဲကို တံခါးတွေ ဘာတွေ ဖျက်ပြီး ဆရာဝန်တွေကို ဝင်ဆွဲတယ် ကြားတယ်” ဟု ဆိုသည်။
လူထုက ပိတ်ဆို့သောအခါ ပထမပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက လက်လုပ်မိုင်းများသုံးကာ လူစုခွဲရန် ကြိုးစားခဲ့သေးကြောင်း၊ လက်လုပ်မိုင်းအချို့ ပေါက်ကွဲခဲ့သော်လည်း လူအများစုမှာ ထိခိုက်ဒဏ်ရာမရခဲ့ကြောင်း တောင်ကြီးမြို့ခံတဦးက ပြော သည်။
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတဦးကမူ ရဲတပ်ဖွဲ့ဝင်များက ဆရာဝန်တဦးကို လာရောက် ဖမ်းဆီး ခဲ့သော်လည်း လူထုက ရဲတပ်ဖွဲ့ဝင်များကို ပြန်လည် ဝိုင်းလိုက်သဖြင့် ကျန်းမာရေးဝန်ထမ်းများ အဖမ်းမခံခဲ့ရခြင်းဖြစ်သည် ဟု ပြောသည်။
၎င်းက “ဆရာဝန် အစ်ကိုတယောက်ကို ဆေးရုံအုပ်ကြီးက ရုံးခန်းထဲသွားပြီး လက်မှတ်ထိုးခိုင်းတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲဒီ ဆရာ ဝန်က ဗွီဒီယိုဖိုင် လိုင်းပေါ်တင်လိုက်တာ။ ဗွီဒီယိုဖိုင်မှာ ဆေးရုံအုပ်ကြီးနဲ့ ဒုဆေးရုံအုပ်ပုံလည်း ပါနေတာပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆေးရုံအုပ်က အဲဒီဆရာဝန်ကို တိုင်လိုက်တာ။ အဲဒါ ရဲတွေက လာဖမ်းတာ။ အဲဒီဆရာဝန်ရဲ့တိုက်ခန်းက ညီမတို့နေတဲ့ တိုက်ခန်းမှာ ဖြစ်နေတော့ အဲဒီကို ရဲတွေ အများကြီးနဲ့ လာဝိုင်းတာ” ဟု ဆိုသည်။
အဆိုပါ ဆရာဝန်ကို မည်သည့် အကြောင်းအရာနှင့် ပတ်သက်ပြီး လက်မှတ်ထိုးခိုင်းခဲ့သည်ကို စဝ်စံထွန်းဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်းအား ဧရာဝတီက မေးမြန်းခဲ့သော်လည်း ၎င်းအနေနှင့် မသိကြောင်း ပြန်ပြောသည်။
“အခု ညီမတို့ CDM လုပ်တဲ့ လူတွေက ရုံးမတက်တဲ့ လူလည်း ရှိတယ်၊ ရုံးတက်တဲ့လူတွေလည်း ရှိတယ်။ အဲဒါ ရုံးတက်တဲ့ သူတွေကို လက်မှတ် လာထိုးခိုင်းတာ။ ဘာအကြောင်းအရာကို လက်မှတ်ထိုးခိုင်းတာလဲတော့ မသိဘူး။ အုပ်ကြီးက CDM ထဲ မပါဘူး။ သူက တိုင်လိုက်တာလို့ ကြားတယ်” ဟု စဝ်စံထွန်းဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။
You may also like these stories:
စစ်ကောင်စီက လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဥပဒေမဲ့ ချိုးဖောက်လာဖွယ်ရှိ
ဒေါက်တာ မေဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်တို့ ရှိမည်ထင်၍ NLD ရုံးချုပ်ကို ဝင်ရှာ